သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာနလက်အောက်မှာရှိတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ရဲ့ ယဉ်ကျေးမှုပြတိုက်ကို  ပြည်တွင်းက ခရီးသွားဧည့်သည်တွေသာမက ပြည်ပနိုင်င်ငံက  နိုင်ငံခြားသားခရီးသွားဧည့်သည်တွေပါလာရောက်ကြပြီး  ဥရောပနိုင်ငံက ခရီးသွားဧည့်သည်တွေကတော့ အများဆုံးလာရောက်လေ့လာကြတယ်လို့သိရပါတယ်။သော်တာဝင်းက တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

လွိုင်ကော်မြို့က ယဉ်ကျေးမှုပြတိုက်ကို   မြေဧက(၄.၆၂၈)ဧကပေါ်မှာ ဆောက်လုပ်ထားပြီး ပြတိုက်မှာတော့  ကယားမျိုးနွယ်စုပြခန်း၊ရိုးရာအသုံးအဆောင်ပြန်း၊ ရိုးရာတန်ဆာပြခန်း၊ပန်းချီ၊ပန်းပုအနုပညာပြခန်း၊ ရိုးရာတူရိယာပြခန်းနဲ့ ကယားပြည်နယ် သမိုင်းဝင်မှတ်တမ်းနဲ့ စော်ဘွားများပြခန်းအစရှိတဲ့ ပြခန်းပေါင်း (၆)ခန်းပြသထားပြီး   ကယား၊မိုနုမနော၊ယင်းတလဲ၊  ဂေးဘား၊ ကယော၊ကယန်း (ပဒေါင်)၊ကယန်း(ယင်းဘော်)၊ ကယန်း (လထာ)အစရှိတဲ့ ကယားမျိုးနွယ်စု(၉)မျိုးရဲ့ ဓလေ့တွေ၊၀တ်စားဆင်ယင်ပုံတွေကိုလည်းပြသထားတာဖြစ်ပါတယ်။ကယားပြည်နယ်ကို လာရောက်ကြတဲ့ ပြည်တွင်းမှ ဘုရားဖူးဧည့်သည်တွေရော ၊ ပြည်ပမှ ဧည့်သည်တွေပါ ဒီပြတိုက်ကို မဖြစ်မနေလာရောက်ကြတယ်လို့ သိရပါတယ်။ဒီလိုလာရောက်လေ့ လာကြတဲ့ ပြည်ပခရီးသွားဧည့်သည်တွေထဲမှာမှ ဥရောပနိုင်ငံက အများဆုံးလာရောက်လေ့လာကြတာဖြစ်တယ်လို့ကယားပြည်နယ် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေကျင်က ပြောပါတယ်။ 

ယဉ်ကျေးမှုပြတိုက်ကို (၁၉၆၇)ခုနှစ်မှစတင်ပြီး ကယားပြည်နယ်ဦးစီးအဖွဲ့လက်အောက်မှာရှိတဲ့  ဌာနခွဲတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။(၁၉၇၂)ခုနှစ်မှာတော့ စနစ်သစ် အုပ်ချုပ်ရေးအဖွဲ့ပေါ်ပေါက်လာတဲ့အခါ ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ကို လွှဲပြောင်းပေးခဲ့ပြီး (၁၉၈၆)ခုနှစ်မှာ နှစ်ထပ်အဆောက်အဦးဆောက်လုပ်ခဲ့ရာ(၁၉၉၆)ခုနှစ်မှာ အဆောက်အဦးကို ဆောက်လုပ်ပြီးစီးခဲ့ပြီး ယဉ်ကျေးမှုပြတိုက်နဲ့ စာကြည့်တိုက်ကိုဖွင့်လှစ်ခဲ့ပါတယ်။ ယဉ်ကျေးမှုပြတိုက်ကို တနင်္လာနေ့နှင့် ပြန်ထမ်းဝင်ရုံးပိတ်ရက်များလွဲပြီး ကျန်ရက်တွေမှာ နံနက်(၉း၃၀)မှ ညနေ(၄)နာရီ အထိဖွင့်လှစ်ပြသ ထားတာဖြစ်ပါတယ်။ပြတိုက်ဝင်ကြေးကိုတော့ ပြည်ပနိုင်ငံသားခရီးသွားတစ်ဦးကို ငွေကျပ်(၅၀၀၀)ကျပ်၊ ပြည်တွင်း ခရီးသွားတစ်ဦးကို ငွေကျပ်(၂၀၀)ကျပ် သတ်မှတ်ထားပြီး၊ သံဃာတော်/သီလရှင်/သာမဏေ/ကလေးသူငယ်/ကျောင်းသား/ကျောင်းသူတွေကိုတော့ အခမဲ့ဝင်ရောက်ခွင့်သတ်မှတ်ထားတယ်လို့သိရပါတယ်။ 
 

 

Related News