ခန္ဓာကိုယ်ကျန်းမာရေးကောင်းဖို့အတွက် လေ့ကျင့်မှုတွေ လုပ်ဆောင်ရာမှာ ယောဂကျင့်စဉ်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ယောဂကျင့်စဉ်အမျိုးမျိုးတွေထဲက ပါဝါယောဂကျင့်စဉ်အကြောင်းကို ထက်ဇာခြည်လှိုင်က တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ပါဝါယောဂဟာ သာမန်ရိုးရာယောဂနဲ့ အနည်းငယ်ကွာခြားပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းအမျိုးအစားထဲမှာ ပါဝင်ပြီး သမားရိုးကျလေ့ကျင့်ခန်းများကို ခပ်သွက်သွက်၊ ခပ်မြန်မြန်ပြုလုပ်ရတဲ့ လေ့ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။ ကိုကျော်စိုးကတော့ 2010 ခုနှစ်က စတင်ပြီး ပါဝါယောဂကျင့်စဉ်ကို ကိုရီးယာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ လေ့ကျင့် သင်ကြားခဲ့သူဖြစ်ပြီး အခုလက်ရှိမြန်မာနိုင်ငံက ယောဂကျင့်စဉ်ကို စိတ်ဝင်စားသူတွေကို ပြန်လည်သင်ကြား ပေးနေတာ ဖြစ်ပါတယ်။ ပါဝါယောဂကျင့်စဉ်တွေနဲ့ ပတ်သက်ပြီး ထူးခြားချက်တွေကို ကိုကျော်စိုးက ပြောပြပေးမှာပါ။ 

ပါဝါယောဂ ကို လေ့ကျင့်တော့မယ်ဆိုရင် တစ်နာရီမှ တစ်နာရီကျော်အချိန်တွင်းလေ့ကျင့်နိုင်တယ်လို့ သိရပါတယ်။ အစားအသောက်ပိုင်းကလည်း အရေးပါတဲ့ ယောဂကျင့်စဉ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ပါဝါယောဂကို လေ့ကျင့်တော့မယ်ဆိုရင်တော့ အသီးအရွက်များများစားခြင်းနဲ့ ရေသောက်တာတွေကို စနစ်တကျလုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်လာမယ်ဆိုရင်တော့ သွေးလည်ပတ်မှုကို တက်စေလို့ ခုခံအားစနစ်တွေကို ကောင်းစေတယ်လို့ ပါဝါယောဂနည်းပြဖြစ်တဲ့ ကိုကျော်စိုးကပြောပါတယ်။ 

ပါဝါယောဂလေ့ကျင့်လာတာကြောင့် ခန္ဒာကိုယ်အလေးချိန်ကျလာခြင်း၊ အမောခံနိုင်ခြင်း၊ သန်မာခြင်း၊ အကြောပျော့ခြင်း ၊ အဆီကျကာ ကြွတ်သားရှိလာခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ သိရပါတယ်။ ချွေးထွက်များတဲ့ လေ့ကျင့်မှုတစ်ခုဖြစ်တာကြောင့်လည်း ခန္ဒာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တယ်လို့ သိရပါတယ်။ ပါဝါယောဂကို နှစ်နှစ်ကျော်လောက်လေ့ကျင့်ခဲ့တဲ့ မသီတာအောင်ကလည်း သူရဲ့လေ့ကျင့်မှုကနေ ရရှိလာတဲ့ အတွေ့အကြုံတွေကိုပြောပြမှာပါ။  ပါဝါယောဂဟာ စိတ်ဝင်စားစရာအကောင်းဆုံး ယောဂပုံစံဖြစ်ပြီး အမေရိကန်နိုင်ငံက ယောဂဆရာက တီထွင်လိုက်တဲ့ ယောဂကျင့်စဉ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ပါဝါယောဂကျင့်စဉ်ကိုတော့ လူလတ်ပိုင်းတွေနဲ့ ငယ်ရွယ်သူတွေ လေ့ကျင့်နိုင်တဲ့ ကျင့်စဉ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News