၂၀၁၈ ခုနှစ် တစ်နှစ်တာကာလအတွင်း Clean Yangon ပလပ်စတစ်လျှော့ချရေး ကမ်ပိန်းလှုပ်ရှားမှုလုပ်ဆောင်ရာမှာ အောင်မြင်မှုရရှိနေတယ်လို့ Clean Yangon က တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါတယ်။ Clean Yangon အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့နဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့အတွင်းရှိ မြို့နယ်တွေကို လစဉ်အလှည့်ကျ ပရဟိတအဖွဲ့အစည်းတွေနဲ့ စုပေါင်းကာ  မြို့နယ်တွေက လမ်းတွေမှာ ပြည်သူအသိပညာပေးအစီအစဉ်အနေနဲ့ စုပေါင်းအမှိုက်ကောက်တာတွေကို ပြုလုပ်နေကြတာပါ။ အဖွဲ့အစည်းစတင် တည်ထောင်စဉ်က ပရဟိတအဖွဲ့ဝင် (၃၀)ကျော်နဲ့ ကမ်ပိန်းကို လုပ်ဆောင်နေတာဖြစ်ပြီး ယခုအချိန်မှာတော့ အဖွဲ့ဝင်ပေါင်း (၁၀၀)နီးပါးရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

လစဉ်ပုံမှန် အမှိုက်ထွက်ရှိမှုများတဲ့ လူသွားလမ်းတွေ ၊ မြို့ထဲ၊ ကားမှတ်တိုင်တွေ၊ ရပ်ကွက်တွေမှာ အမှိုက်ကို စနစ်တကျစွန့်ပစ်ရန် ပြည်သူအသိပညာပေး စတေကာကပ်တာတွေကို ပြုလုပ်ခဲ့ကြပါတယ်။ အခုလိုပြုလုပ်တာတွေအပြင် (၂၀၁၈)ခုနှစ် ဇူလိုင်လမှာ ကျောင်းအသိ ပညာပေးလုပ်ငန်းတွေကို ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း စတဲ့မြို့နယ်တွေမှာ ကျောင်းအသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခဲ့ကာ ပလတ်စတစ်လျှော့ချရေး လုပ်ငန်းစဉ်အတွက် ထိရောက်မှုပိုမို ရရှိလာတယ်လို့သိရပါတယ်။ ကျောင်းတွေက မုန့်ဈေးတန်းတွေမှာ တစ်ခါသုံးပစ္စည်းတွေကို အသုံးပြုမှုပိုများနေပြီး ဒါတွေကို လျှော့ချသုံးစွဲဖို့အတွက် မုန့်ဈေးတန်းက ရပ်မိရပ်ဖတွေနဲ့ ကျောင်းအုပ်ဆရာ၊ဆရာမတွေကို ပါ ပညာပေးစည်းရုံးတာတွေပြုလုပ်နေတဲ့အတွက် အချို့ကျောင်းတွေမှာ တစ်ခါသုံးပစ္စည်းတွေအစား ကြွေပန်းကန်၊ စတီးပန်းကန်တို့ကို အစားထိုးအသုံးပြုလာတာ တွေ့ရတယ်လို့  Clean Yangon ပလတ်စတစ်လျှော့ချရေး ကမ်ပိန်းရဲ့ တာဝန်ရှိသူက အခုလိုပြောပါတယ်။

Clean Yangon ကို ၂၀၁၇ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ပြည်သူတွေ အမှိုက်ကိုစနစ်တကျစွန့်ပစ်စေဖို့ ရည်ရွယ်ပြီး ပြည်သူအသိပညာပေးလုပ်ငန်းတွေကိုဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျောင်းအသိပညာပေးလုပ်ငန်းတွေကို ၂၀၁၈ ဒီဇင်ဘာလကုန်အထိ လုပ်ဆောင်ဖို့သတ်မှတ်ထားပြီး စနေ၊ တနင်္ဂနွေနေ့တွေမှာပါ  ဟောပြောပွဲပြုလုပ်ပေးဖို့ ကမ်းလှမ်းတဲ့ Private School တွေကို သတ်မှတ်ထားတဲ့ရက်အပြင် ထပ်တိုးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မိဘမဲ့ကျောင်းတွေ၊ ပရဟိတဂေဟာတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို ကျောင်းပိတ်ရက်တွေမှာ စွန့်ပစ်အမှိုက် အသိပညာပေးရေးအတွက် ကလေးတွေစိတ်ဝင်စားစေမယ့် ကဗျာတွေနဲ့ အသိပညာပေးလုပ်ဆောင်ခဲ့ပါတယ်။

Clean Yangon အပြင် အဖွဲ့အစည်းပေါင်းစုံက ရန်ကုန်မြို့တွင်းအမှိုက်လျှော့ချရေးတွေကိုလုပ်ဆောင်တဲ့အတွက် ပြည်သူတွေကလည်း အမှိုက်ကို စည်းကမ်းရှိစွာပစ်လာကြတယ်လို့ လမ်းမတော်မြို့နယ်မှာနေထိုင်တဲ့ ပြည်သူတစ်ဦးက အခုလိုပြောပါတယ်။Clean Yangon အပြင် အခြားအဖွဲ့အစည်းတွေကလည်း ပလပ်စတစ်လျှော့ချရေးတွေကို လိုက်ပါလုပ်ဆောင်လာတာကိုလည်းတွေ့ရှိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၃)ရက်က Clean Yangon ပလတ်စတစ်လျှော့ချရေး ကန်ပိန်းနဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့တွင်းအမှိုက်ကင်းစင်ရေးလှုပ်ရှားမှုဆိုပြီး  ပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ Clean Yangon ပလပ်စတစ်လျှော့ချရေး ကမ်ပိန်းအနေနဲ့ (၂၀၁၉)ခုနှစ်မှာလည်း  ပလပ်စတစ်လျှော့ချရေးလုပ်ငန်းတွေအပြင် ပြည်သူတွေကြားမှာ ပြိုင်ပွဲတွေ၊ ဟောပြောပွဲတွေ အပါအ၀င် စွန့်ပစ်အမှိုက်ဆိုင်ရာ ဂိမ်းကစားနည်းတွေနဲ့ လက်တွေ့ကွင်းဆင်းလုပ်ဆောင်မှုတွေကိုလည်း ထပ်တိုးလုပ်ဆောင်သွားဖို့ရှိတယ်လို့သိရပါတယ်။

 

 

Related News