ရန်ကုန်တိုင်းဒေသကြီးအစိုးရပိုင် Yangon Payment Services ကုမ္ပဏီလီမိတက်နဲ့ Asia Starmer Intelligence (အေးရှား စတန်မာ အင်တယ်လိဂျန့်) ကုမ္ပဏီလီမိတက်တို့အကြား Master Agreementကို လက်မှတ်ရေးထိုးချိန်မှစတင်ပြီး YPSကဒ်စနစ်နဲ့ယာဉ်စီးခပေးချေမှုကို(၆)လအတွင်းပြည်သူတွေအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ဇန်န၀ါရီလ(၁၆)ရက်က Sky Star Hotel မှာပြုလုပ်တဲ့ YBS(၂)နှစ်ပြည့်အခမ်းအနားမှ သိရပါတယ်။ ဒီကဒ်စနစ်ကိုလက်မှတ်ရေးထိုးချိန်မှစတင်ပြီး(၆)လအတွင်းမှာတော့ ကနဦးအနေနဲ့ယာဉ်စီးရေ(၂၀၀၀)ကို ကဒ်စနစ်နဲ့ယာဉ်စီးခပေးချေမှုကို ပြည်သူများစတင်အသုံးပြုနိုင်အောင်ဆောင်ရွက်သွားမှာဖြစ်သလို (၉)လအတွင်းမှာတော့ ယာဉ်အစီးရေ(၄၀၀၀)ပေါ်မှာ ပြည်သူများအသုံးပြုနိုင်ရန်အတွက် သတ်မှတ်ကာလအတွင်းAsia Starmer Intelligence ကုမ္ပဏီမှ လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေတပ်ဆင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ကဒ်စနစ်ဆောင်ရွက်တဲ့အခြေအနေတွေအားလုံးကို ပြည်ထောင်စုဗဟိုဘဏ်ရဲ့ခွင့်ပြုချက်နဲ့ဆောင်ရွက်ရတာဖြစ်တယ်လို့သိရပါတယ်။ု ပြည်ထောင်စုဗဟိုဘဏ်ရဲ့ကဒ်စနစ်ဆောင်ရွက်မှုတွေကို ဘဏ်တိုင်းမှာဆောင်ရွက်ခွင့်ပြုထားပြီး ဘဏ်တွေမှာလုပ်ဖို့အတွက် ဒီကဒ်စနစ်နဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်မှာဆွေးနွေးဆောင်ရွက်တာမျိုးမလိုအပ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။ကဒ်စနစ်တပ်ဆင်တာဟာ YBS ယာဉ်လိုင်းစီးနင်းသူတွေအတွက် နေ့စဉ်အကြွေပြဿနာဖြေရှင်းရတာတွေ၊ ယာဉ်စီးခမပေးဆောင်ပဲစီးနင်းတဲ့ခရီးသည်တွေ၊ယာဉ်စီးခထည့်တဲ့အခါမှာ သုံးမရတဲ့ပိုက်ဆံအစုတ်ထည့်တာတွေ ရှိနေတာကြောင့် ယာဉ်ပိုင်ရှင်တွေနဲ့အစိုးရပိုင်ကုမ္ပဏီတွေမှာယာဉ်စီးခကို (၁၀)ရာခိုင်နှုန်းကနေ(၃၀)ရာခိုင်နှုန်းအထိ ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

ဒါကြောင့်ကဒ်စနစ်အောင်မြင်မှသာ အကြွေပြဿနာတွေလည်းဖြေရှင်းနိုင်မှာ ဖြစ်သလို YBSရဲ့ ဒုတိယအဆင့်အောင်မြင်မှုဘက်ကိုလည်းသွားနိုင်မှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။ကဒ်စနစ်နဲ့ YBS စီးရာမှာ ခရီးစဉ်အကွာအဝေးအလိုက် ပိုက်ဆံ ကောက်ခံသွားမယ်လို့ သိရပါတယ်။ ကဒ်စနစ်စတင်အသုံးပြုမယ့်ကာလမှာ ခရီးသွားပြည်သူတွေ အခက်အခဲမဖြစ်စေဖို့အတွက် ငွေပုံးစနစ်ကိုလည်း ထားရှိပေးထားမှာဖြစ်ပါတယ်။Asia Starmer Intelligence ကုမ္ပဏီအနေနဲ့ကဒ်တွေကို ဖြန့်ဝေတဲ့လမ်းကြောင်းအနေနဲ့g & g Store တွေနဲ့ abc Store အစရှိတဲ့ ခရီးသွားပြည်သူတွေအလွယ်တကူဝယ်ယူနိုင်တဲ့နေရာမျိုးတွေမှာသာ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News