မန္တလေးမြို့မဟာမုနိဘုရားကြီးအကြိမ်(၆၀)မြောက်ဗုဒ္ဓပူဇနိယပွဲတော်မှာ ခရီးသွားကဏ္ဍမြှင့်တင်စေဖို့် မြန်မာ့ရိုးရာ အစားအစာများ ဖော်ထုတ်ခြင်းနဲ့ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၆)ရက်ကနေ(၁၉)ရက်အထိမန္တလေးမြို့ မဟာမုနိဘုရားကြီးအရှေ့(၄၅)တာကွင်းမှာကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ မြန်မာ့ရိုးရာဓလေ့တွေနဲ့ကိုက်ညီတဲ့ မဟာဗျုဟာတွေ ၊ခရီးစဉ်ဒေသသစ်တွေဖော်ထုတ်နေပြီး ဒေသတွင်းအရင်းမြစ်တွေတည်တံစေဖို့ ဆောင်ရွက် နေတာဖြစ်ပါတယ်။အခုလို ခရီးသွားကဏ္ဍမြှင့်တင်စေဖို့ မြန်မာ့ရိုးရာအစားအစာများ ဖော်ထုတ်ခြင်းနဲ့ထမနဲ ထိုးပြိုင်ပွဲပြုလုပ်ရတာဟာ မြန်မာ့ရိုးရာအစားအစာတွေဖော်ထုတ်ကာ ခရီးသွားဧည့်သည်တွေကိုဆွဲဆောင်နိုင်စေဖို့၊ မြန်မာ့ရိုးရာအစားအသောက်တွေကို ကမ္ဘာကပါသိရှိစေဖို့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေကိုမပျောက်မပျက်ဘဲ ထိန်းသိမ်းနိုင်စေဖို့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး၊ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောပါတယ်။

အခုကျင်းပပြုလုပ်နေတဲ့ မြန်မာ့ရိုးရာအစားအစာများဖော်ထုတ်ခြင်းနဲ့ထမနဲထိုးပြိုင်ပွဲကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနဲ့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)တို့က ပူးပေါင်းကာ ပထမအကြိမ် အဖြစ် ကျင်းပပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။ဒီပွဲမှာ မြန်မာ့ရိုးရာအစား အသောက်ဆိုင်ခန်းတွေ အများဆုံး ပါဝင်မှာဖြစ်ပြီး အမှတ်တရအရောင်းဆိုင်တွေ၊ ခရီးသွားကဏ္ဍနဲ့ပတ်သက်တဲ့ ဆိုင်ခန်းတွေလည်းပါဝင်ကာ ဆိုင်ခန်းပေါင်း (၆၀) နဲ့ခင်းကျင်းပြသလျက်ရှိတယ်လို့သိရပါတယ်။ထမနဲထိုးပြိုင်ပွဲအတွက် အသင်း (၁၅) သင်းက ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပြီး ဆုကြေးအဖြစ် ပထမဆု ငွေကျပ် (၁၀)သိန်း၊ဒုတိယဆု ငွေကျပ်(၇)သိန်း၊တတိယဆုငွေကျပ် (၅)သိန်း၊နှစ်သိမ့်ဆုငွေကျပ် (၁)သိန်း ဆုချီးမြှင့်သွားမယ်လို့သိရပါတယ်။ 

 

Related News