မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ပေါက်မြို့နယ်ရှိရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌော၊ရွှေပေါင်လောင်ဘုရားဖူးခရီးစဉ်နှင့် ရေပြာယောချောင်းသာ အပန်းဖြေစခန်း မိတ်ဆက်ရှင်းလင်းပွဲနဲ့ ဖွင့်ပွဲကို ဖေဖော်ဝါရီလ(၁၇)ရက်က ရွှေမုဋ္ဌော၊ရွှေပေါင်လောင်ဘုရားရင်ပြင်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရွှေမုဋ္ဌော၊ရွှေပေါင်လောင်ဘုရားကို ပခုက္ကူခရိုင်သာမက တခြားသော ယောနယ်၊ ပုဂံညောင်ဦးမြို့နယ်အစရှိတဲ့ မြို့နယ်တွေက ဘုရားဖူးပြည်သူတွေဟာ ဘုရားဖူးကာလမှသာ လာရောက်ကြပြီး ဘုရားဖူးမဟုတ်တဲ့ ကာလတွေမှာတော့  လာရောက်မှု နည်းပါးတယ်လို့သိရပါတယ်။ဒါ့ကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပေါက်မြိ့နယ်)မှ မြို့နယ်ဦးစီးမှူးကပြောပါတယ်။.

ရေပြာယောချောင်းဟာ ရွှေမုဋ္ဌော၊ရွှေပေါင်လောင်ဘုရား ခြေတော်ရင်းမှပုဂံပြည်ဘက်စီးဆင်းလျက်ရှိပြီး နွေအခါ ပွင့်လင်းရာသီတွေမှာ စမ်းရေများက ကြည်လင်အေးမြခြင်း၊ကျယ်ဝန်းတဲ့ချောင်းပြင်၊သဲသောင်ပြင်များ ၊ကြက်သွန်ခင်းများ၊အာလူးခင်းများ စတာတွေကိုကြည့်ရှုနိုင်ဖို့အပြင်ခရီးသွားကားများလာရောက်နိုင်စေရန်၊ကာလမရွေးဖူးမြော်နိုင်ရန်၊လာရောက်ဖူးမြော်ကြတဲ့ ခရီးသွားပြည်သူတွေအပန်းဖြေနားနေနိုင်ရန်၊ယောချောင်းရဲ့ သဘာဝအလှတရားကိုခံစား နိုင်စေရန်အတွက်   အခုလို အပန်းဖြေစ ခန်းကို ဖွင့်လှစ်ခဲ့တာဖြစ်သလို ဒေသဖွံ့ဖြိုးရေးအတွက်လည်း ဆောင်ရွက်သွားမှာနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေကို အသိပေးဆွေးနွေးခဲ့ ကြတာဖြစ်ပါတယ်။ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌော၊ရွှေပေါင်လောင်ဘုရားဖူးခရီးစဉ်နှင့် ရေပြာယောချောင်းသာ အပန်းဖြေစခန်းမိတ်ဆက်သတင်းစာရှင်းလင်းပွဲနဲ့ ဖွင့်ပွဲအခမ်းအနားကို ရွှေမုဋ္ဌော၊ရွှေပေါင်လောင်ဘုရားဂေါပကအဖွဲ့က ဦးစီးကျင်းပခဲ့တာဖြစ်ပါတယ်။

 

 

Related News