ညအချိန်ပြိုင်ကားများ အရှိန်မြှင့် ဆူညံစွာမောင်းနှင်မှုများကို ထိထိရောက်ရောက်အရေးယူဖို့  ပြည်ထောင်စု ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ရန်ကုန်တိုင်း ဥပဒေချုပ်ရုံး တို့နှင့် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့သိရပါတယ်။ အမှတ် (၂)ယာဉ်ထိန်းရဲ ရဲတပ်ဖွဲ့ခွဲ ရန်ကုန်အနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေခံရဲတပ်ဖွဲ့ဝင်များ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ညအချိန်အရှိန်မြှင့် ဆူညံစွာမောင်းနှင်သည့် ပြိုင်ကားများ ယာဉ်စစ် ပိတ်ဆို့ရှာဖွေခြင်း အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ဒီလိုအရေးယူရာမှာ လက်ရှိ (၂၀၁၅)ခုနှစ် မော်တော်ယာဉ်ဥပဒေ ပုဒ်မ နဲ့သာ အရေးယူနေတာကြောင့် ပိုပြီးထိရောက်တဲ့  ဒဏ်ငွေနဲ့ လူလိုင်စင်၊ယာဉ်လိုင်စင်များပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်ခြင်းကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ (၁၉)ရက်ကပြုလုပ်တဲ့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး န၀မနေ့မှာ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းရဲ့မေးမြန်းမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းအနေနဲ့ ညအချိန်မှာ ပြိုင်ကားတွေ အရှိန်မြှင့် ဆူညံစွာမောင်းနှင်မှုကြောင့် ညအချိန်လမ်းအသုံးပြုသူများ စိုးရိမ်ကြောင့်ကြမှုတွေရှိသလို ပြည်သူများအထိတ်လန့်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ရှိတဲ့မော်တော်ယာဉ်ဥပဒေအရ အရေးယူဆောင်ရွက်နေရတာဖြစ်လို့  အရေးယူဒဏ်တပ်တဲ့ ငွေပမာဏကလဲမပြောပ့လောက်တာကြောင့် မှတ်သားလောက်အောင်မဖြစ်ကြဘူးလို့ ပြည်သူတွေကသုံးသပ်နေကြပါတယ်။ဒါ့ကြောင့် ထိရောက်တဲ့ ပြစ်ဒဏ်များတိုးမြှင့်ချမှတ်ရန်လိုအပ်နေတယ်ဆိုပြီး မေးခွန်းမေးမြန်းမှုနဲ့အတူတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းကထည့်သွင်းပြောကြားခဲ့ပါတယ်။

(၂၀၁၆)ခုနှစ်အတွင်း မင်္ဂလာဒုံမြို့နယ်အတွင်း လေဆိပ်ဝင်းမှာ အရှိန်မြှင့် ဆူညံစွာမောင်းနှင်သည့်ပြိုင်ကား (၈)စီးကို (၂၀၁၅)ခုနှစ် မော်တော်ယာဉ် ဥပဒေ ပုဒ်မ (၅၈)ကဖြင့် အရေးယူခဲ့ပြီး (၂၀၁၇)ခုနှစ်အတွင်း မရမ်းကုန်မြို့နယ်မှာ ပါဝါအိတ်ဇောတပ်မောင်းနှင်တဲ့ ယာဉ်ကိုလည်း (၂၀၁၅)ခုနှစ်မော်တော်ယာဉ် ဥပဒေ ပုဒ်မ (၆၁)အရအရေးယူခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။(၂၀၁၈)ခုနှစ်မှာလည်း ယာဉ်နှစ်စီးကို ဒဂုံမြို့နယ်နဲ့ ကျောက်တံတားမြို့နယ်တို့မှာ အရှိန်မြှင့် မောင်းနှင်ခြင်းတို့ကြောင့် (၂၀၁၅)ခုနှစ် မော်တော်ယာဉ် ဥပဒေ ပုဒ်မ (၅၈)ကအရအရေးယူခဲ့တယ်လို့သိရပါတယ်။


 

Related News