ရွှေမုဋ္ဌော၊ ရွှေပေါင်လောင်ဘုရားဟာ မကွေးတိုင်ဒေသကြီး၊ပခုက္ကူခရိုင် ပေါက်မြို့နယ်ရှိ ရေပြာရွာအနီး ဘုရားတောင်ရွာ၊ ဥဒေါင်းမင်းတောင်လို့ခေါ်တဲ့ ကျောက်စရစ်ကုန်းတော်ပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။ အခုလို သမိုင်းဝင်ဘုရား တစ်ဆူဖြစ်တဲ့ ရွှေမုဋ္ဌော၊ရွှေပေါင်လောင်ဘုရားကို ယခင်ကထက် ဘုရားဖူးပြည်သူတွေ လာရောက်မှုပိုမို များပြားလာတယ်လို့ သိရပါတယ်။ ယခင်က ရွှေမုဋ္ဌော၊ရွှေပေါင်လောင်ဘုရားကို လာရောက်ကြတဲ့ ဘုရားဖူးပြည်သူတွေကဟာ လမ်းခရီးအဆင်မပြေတာကြောင့် ပွဲတော်ရက်တွေမှာသာ လာရောက်ကြခြင်း၊ဘုရားအနီးရှိ ယောချောင်းတံတားမရှိခင်က ၀ါးဖောင်နဲ့သာသွားလာရတဲ့အတွက် ဘုရားဖူးပို့ဆောင်ရေးကားများ ရောက်ရှိမှုနည်းတာတွေကြောင့် မြို့ကြီးပြကြီးမှ ဘုရားဖူးပြည်သူတွေ လာရောက်မှုနည်းပါးပြီး အနီးအနားရှိဒေသခံဘုရားဖူးဧည့်သည်တွေသာ လာရောက်ဖူးမျှော်ကြတာဖြစ်တယ်လို့ ရွှေမုဋ္ဌော၊ရွှေပေါင်လောင်ဘုရားမှ ကျောင်းထိုင်ဆရာတော် ဦးပညာဒီပက အခုလိုမိန့်ပါတယ်။ 

မြို့ကြီးပြကြီးမှ ဘုရားဖူးဧည့်သည်တွေလာရောက်မှုနည်းပါးတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သမိုင်းဝင်ဘုရားကြီး အကြောင်း လေ့လာနိုင်စေရန်၊ ကြက်ပျံမကျစည်ကားလှတဲ့ တပေါင်းလရဲ့ ဘုရားပွဲရာသီအကြောင်းသိရှိစေရန်၊ ဒေသထွက်ကုန် တွေဖြစ်တဲ့ သနပ်ခါး၊ကျောက်ပြင်၊ငရုတ်သီးခြောက်၊ဖျာ၊ဆေးရွက်ကြီး၊အိုးခွက်၊အာလူး၊ကြက်သွန်စတာတွေကို ဈေးနှုန်းချိုသာစွာနဲ့ ၀ယ်ယူနိုင်တာကိုသိရှိစေရန်အပြင် ဒေသဖွံ့ဖြိုးတိုးတက်မှုကိုရည်ရွယ်ပြီး ယောချောင်းတံတားတည်ဆောက်ခြင်းနဲ့ ရေပြာယော ချောင်းသာ ဖွင့်လှစ်ခဲ့ခြင်းကြောင့် ပြည်တွင်းမှ ဘုရားဖူးဧည့်သည်တွေဟာ ယခင်ထက်များပြားလာတာဖြစ်တယ်လို့ သိရပါတယ်။ 

ရွှေမုဋ္ဌော၊ရွှေပေါင်လောင်ဘုရားက မကွေးတိုင်ဒေသကြီး၊ပခုက္ကူခရိုင် ပေါက်မြို့နယ်ရှိ ရေပြာရွာအနီး ဘုရားတောင်ရွာ၊ ဥဒေါင်းမင်း တောင်လို့ခေါ်တဲ့ ကျောက်စရစ်ကုန်းတော်ပေါ်မှာတည်ရှိတာဖြစ်ပြီး ပခုက္ကူမြို့မှ (၃၂)မိုင်(၄)ဖာလုံ၊ ပေါက်မြို့ရဲ့ အရှေ့ဘက် (၁၄)မိုင် (၄)ဖာလုံ၊ပေါက်-ပခုက္ကူလမ်းပေါ်၊ပုသိမ်-မုံရွာလမ်းနဲ့ ဆုံရာလမ်းဆုံအနီး ယောချောင်းကြီးရဲ့တဖက်ကမ်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ ရွှေမုဋ္ဌော၊ရွှေပေါင်လောင်စေတီတော်ကို သီရီဓမ္မာ သောကမင်းကြီးနဲ့ နရပတိစည်သူမင်းကြီးတို့ တည်ထားကိုးကွယ် ခဲ့ပြီး နှစ်(၂)ထောင် သက်တမ်း ရှိပြီဖြစ်တာကြောင့်သမိုင်းဝင်ဘုရားတစ်ဆူဖြစ်တယ်လို့ သိရပါတယ်။ 


 

 

Related News