တပ်မတော်(ရေ)မှာ မကြာမီ ရေငုပ်သင်္ဘောကို  ပိုင်ဆိုင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ တပ်မတော်အကြီးအကဲက  မတ်လ(၁၈)ရက်က ပြုလုပ်ခဲ့တဲ့ပင်လယ်ပြင် လက်တွေ့စစ်ဆင်ရေးလေ့ကျင့်မှု Sea Shield(2019)မှာ ပြောကြား ခဲ့တာပါ။အခုစစ်ရေးလေ့ကျင့်မှုအပြီး မီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ ရေငုပ်သင်္ဘောနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကြိုးစားနေဆဲဖြစ်ပြီး လာမယ့် သုံးနှစ်လောက်မှာဖြစ်နိုင်ဖို့ ရှိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်(ရေ)ရဲ့ စစ်ဦးစီးအရာရှိချုပ်  ဗိုလ်ချုပ်မိုးအောင်ကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ၂၀၁၅ ခုနှစ်ဝန်းကျင်က ရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောကြားထားဖူးပြီး လက်ရှိအခြေအနေအရ မကြာမီမြင်တွေ့နိုင်တော့မှာဖြစ်တယ်လို့ ပြောပါတယ်။ရေငုပ်သင်္ဘောအတွက် ကျွမ်းကျင်ဝန်ထမ်းတွေ လေ့ကျင့်ဖို့ လေးနှစ်ဝန်းကျင်အချိန်ယူရပြီး တပ်မတော်(ရေ) အနေနဲ့လက်ရှိမှာ လေ့ကျင့်မှုတွေ ပြုလုပ်ပေးနေတာ ကြာပြီဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်(ရေ)အနေနဲ့ နောက်ပိုင်းနှစ်တွေမှာ စစ်ရေယာဉ်တွေကို ပြည်ပမှ ၀ယ်ယူအသုံးပြုမှုထက် ကိုယ်တိုင်တည်ဆောက်မှုတွေပြုလုပ်နေတာဖြစ်ပြီး လက်ရှိမှာ ဖရီဂိတ်စစ်ရေယာဉ်တွေအထိ တည်ဆောက် ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဖရီဂိတ်စစ်ရေယာဉ်တွေတည်ဆောက်ရာမှာတော့ သုံးနှစ်ဝန်းကျင်ကြာမြင့်ပြီး ရေငုပ်သင်္ဘောတည်ဆောက်မယ်ဆိုပါက (၇)နှစ်လောက်အချိန်ပေးရမှာ ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းပြပါတယ်။

တပ်မတော်(ရေ)အနေနဲ့ ရေငုပ်သင်္ဘောနဲ့ပတ်သက်ပြီး ကိုယ်တိုင်တည်ဆောက်ဖို့နဲ့ ၀ယ်ယူဖို့ကို နည်းလမ်း ပေါင်းစုံနဲ့ စဉ်းစားထားတယ်လို့ တပ်မတော်(ရေ)ရဲ့ စစ်ဦးစီးအရာရှိချုပ်က ပြောပါတယ်။ဒါ့အပြင် ကာကွယ်ရေးကဏ္ဍအတွက် ဘတ်ဂျက်ကုန်ကျမှုကိုလျော့ချနိုင်ဖို့ နောက်ပိုင်း ပြည်တွင်းမှာ ကိုယ်ပိုင်စစ်လေယာဉ်တွေတည်ဆောက်နိုင်ဖို့ ကြိုးစားနေပြီး လက်ရှိမှာ အဆင်သင့်မဖြစ်သေးပေမယ့် အလားအလာရှိနေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

 

 

Related News