မဟာမုနိဘုရားကြီးမှာ လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ၀န်ဆောင်မှုအပြည့်ပေးနိုင်ရန် အတွက် Tourist Information Center ထားရှိသွားမယ်လို့ မတ်လ(၂၂)ရက်က မန္တလေးမဟာမုနိဘုရားကြီးမှာ ပြုလုပ်ခဲ့တဲ့ Tourist Information Center ထားရှိရေးညှိနှိုင်းဆွေးနွေးပွဲက သိရပါတယ်။ မဟာမုနိဘုရားကြီးမှာ ထားရှိသွားမယ့်Tourist Information Centerကို လာမယ့် ဇူလိုင်လ (၁) ရက်မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး  မဟာမုနိဘုရားကြီးကိုဝင်ကြေးအနေနဲ့ နိုင်ငံခြားခရီးသွားတစ်ဦးကို(၅၀၀၀) ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒီTourist Information Center မှာ မဟာမုနိဘုရားကြီးကိုလာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေအတွက် Ticket Counter၊ နားနေဆောင်၊ ပစ္စည်းထည့်စရာ Locker တွေ၊ အဲယားကွန်းစနစ်၊ Toilet စတာတွေ ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဧည့်သည်တွေကို မဟာမုနိဘုရားပရ၀ုဏ်အတွင်းရှိ သမိုင်းပန်းချီပြတိုက်၊ မြန်မာမှုအနုပညာလက်ရာပြခန်း စတဲ့ လေ့လာစရာနေရာတွေပါဝင်တဲ့ Pamphlet တွေကို အခမဲ့ ပေးသွားမယ်လို့ သိရပါတယ်။ Tourist Information Center ထားရှိလိုက်ပါက လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြား ခရီးသွားဧည့်သည်တွေအနေနဲ့ မဟာမုနိဘုရားကြီးအတွင်းရှိ လေ့လာစရာ၊ လည်ပတ်စရာနေရာနဲ့ သမိုင်းကြောင်းတွေကို သိရှိစေမှာ ဖြစ်တယ်လို့ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့၊ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောပါတယ်။

ခရီးသွားကဏ္ဍမြင့်တက်လာတာနဲ့အမျှ ခရီးစဉ်ဒေသတွေမှာ ခရီးသွားတွေကို ၀န်ဆောင်မှုအပြည့်ပေးနိုင်ဖို့အတွက် Information Centerတွေဟာ အရေးပါပြီး Information Centerမှာ ရှိသင့်တဲ့ အချက်အလက်တွေ ပြည့်စုံအောင် ထားရှိသွားနိုင်ရေး၊ ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို အမြန်ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခရီးသွားလုပ်ငန်းနဲ့ဆက်စပ် လုပ်ငန်းဆောင်ရွက်နေသူတွေကို ခရီးသွားဧည့်သည်တွေရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင် စေဖို့အတွက် ပံ့ပိုးကူညီပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောပါတယ်။မဟာမုနိဘုရားကြီးကို အဖွဲ့လိုက်လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေအတွက် နောက်ပိုင်းမှာ Online Ticket ၀န်ဆောင်မှုကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 


 

Related News