ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ကို မတ်လ (၂၄) ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြို့နယ်ခန်းမမှာ ဗဟိုအဆင့် အခမ်းအနားနဲ့ ပြုလုပ်ခဲ့ ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးထဲမှာ တီဘီရောဂါဖြစ်ပွားမှုအများဆုံး ဒုတိယမြို့နယ်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဖြစ်တာကြောင့် ကမ္ဘွာှတီဘီ ရောဂါတိုက်ဖျက်ရေးနေ့ ဗဟိုအဆင့်ပွဲကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ဆောင်ရွက်ခဲ့တာပါ။ ဒီပွဲကို ရန်ကုန်တိုင်း ကျန်းမာရေးဦးစီး ဌာနက ကြီးမှူးကျင်းပတာဖြစ်ပြီး တီဘီရောဂါတိုက်ဖျက်ရေး ပြခန်းတွေအပြင် တီဘီရောဂါပိုး ရှိ၊ မရှိ ဓာတ်မှန်ရိုက်ပြီးတာနဲ့ အဖြေတန်းရတဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။

ယခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ် ကိုတော့ "တီဘီရောဂါကင်းဝေးဖို့ ကဏ္ဍပေါင်းစုံ လက်တွဲလို့ ယနေ့မှစဆောင်ရွက်စို့" အမည်ပေးထားပြီး တီဘီရောဂါတိုက်ဖျက်ရေးမှာ ပြည်သူတွေပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကတော့ အဖွင့်မိန့်ခွန်းမှာ တီဘီရောဂါဖြစ်တယ်လို့သံသယ ရှိတာနဲ့ ဒေသန္တရကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းတွေသွားရောက်ပြီး အခမဲ့ကုသမှုခံယူနိုင်တယ်လို့ အသိပေးထားပါတယ်။

တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက (၂၀၁၆-၂၀၂၀) ငါးနှစ်တာစီမံကိန်းနဲ့ ဆောင်ရွက် နေပြီး ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်က ရန်ကုန်တိုင်းဒေသကြီးမှာ တီဘီရောဂါလူနာ တစ်သိန်းသုံးသောင်းကျော်ရှာဖွေတွေ့ရှိ ကုသပေးနိုင်ခဲ့ တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လူဦးရေ (၇) သန်းနေထိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ခန့်မှန်းခြေ တီဘီလူနာ ငါးထောင်ခန့်ကျန်ရှိနေမှာ ဖြစ်တဲ့အတွက် ကွင်းဆင်းရှာဖွေဖော်ထုတ်ကုသတာတွေဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ ကမ္ဘာ့တီဘီအဖြစ်များဆုံး နိုင်ငံ သုံးဆယ်ထဲမှာ ပါဝင်နေပြီး တီဘီရောဂါက ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲလို့သိရပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်းမှာ တီဘီလူနာရှာဖွေကုသတာတွေ၊ ဆေးယဉ်ပါးတီဘီရောဂါလူနာတွေကို ရှာဖွေဖော်ထုတ် ကုသတာတွေကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက် ကုသလျက်ရှိပါတယ်။

 

 

Related News