မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့ တောင်တလုံးတောင်ဖိတ်ခေါ်လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲကို မတ်လ(၂၄)ရက်က တံတားဦးမြို့မှာကျင်းပခဲ့ပါတယ်။ တံတားဦးမြို့ တောင်တလုံးတောင်ဖိတ်ခေါ် လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး တံတားဦးမြို့ စက်ဘီးစီးအဖွဲ့ချုပ်က ဦးစီးကျင်းပတာဖြစ်ပါတယ်။မြန်မာတစ်နိုင်ငံလုံးက အားကစားသမားတွေ ဖိတ်ခေါ် ကျင်းပတာဖြစ်ပြီး စက်ဘီးစီး အားကစားဝါသနာရှင်တွေအချင်းအချင်းတွေ့ဆုံကာအတွေ့အကြုံတွေဖလှယ်ရရှိဖို့၊ ကျန်းမာကြံ့ခိုင်တဲ့ လူငယ်မျိုးစက်သစ် ကစားသမား ကောင်းတွေပေါ်ထွက်လာဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြု လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစက်ဘီးပြိုင်ပွဲဖွင့်ပွဲကို မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့တက်ရောက်ခဲ့ပြီး စက်ဘီးပြိုင်ပွဲကို ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ပါတယ်။အခုစက်ဘီးစီးပြိုင်ပွဲကို တံတားဦးမြို့စက်ဘီးစီးအဖွဲ့ချုပ်က ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး မြန်မာပြည်အနှံ့ ကစားသမား(၅၈ဝ) ဝင်ရောက် ယှဉ်ပြိုင်ကြတယ်လို့သိရပါတယ်။ စက်ဘီးပြိုင်ပွဲအမျိုးအစားက တံတားဦးမြို့ကနေ့ တောင်တလုံးတောင်အထိ ၃၃ ကီလို မီတာခရီးကြမ်း(HC) အမျိုး အစား Mountain Bike စက်ဘီးစီးပြိုင်ပွဲဖြစ်ပါတယ်။

တံတားဦးမြို့ကနေ လမ်းချော၊ လမ်းကြမ်းစီးနင်းယှဉ်ပြိုင်ရ တာဖြစ်ပြီး နောက်ဆုံးမှာ တောင်တလုံးတောင်ကို တောင်တက်ပန်းဝင်ရမှာဖြစ်ပါ တယ်။ အခုပြုလုပ်ခဲ့တဲ့ စက်ဘီးစီးပြိုင်ပွဲမှာတော့ အသက် (၉)နှစ်ကနေ အသက်(၆၀)ကျော်အရွယ်ရှိ ကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။အခုပြုလုပ်တဲ့တံတားဦးမြို့တောင်တလုံးတောင်ဖိတ်ခေါ်လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲအပြီးမှာ သက်တမ်းအလိုက်ဆုရရှိကြတဲ့ ကစားသမား တွေကို ပထမဆုမှပဉ္စမဆုအထိ ဆုတံဆိပ်နဲ့ဆုငွေတွေကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

 

 

Related News