သင်္ကြန်ကာလအတွင်းမှာ ပြည်သူတွေကိုဖျော်ဖြေဖို့အတွက် သံချပ်အဖွဲ့တွေအနေနဲ့  လက်ရှိမှာ ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါပြီ အဲဒီ့အထဲမှာ သာကီနွယ်သံချပ်အဖွဲ့လည်း အပါအ၀င်ဖြစ်ပါတယ်။သာကီနွယ်သံချပ်အဖွဲ့ကို(၂၀၁၃)ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး စတင်ဖွဲ့စည်းချိန်မှာ လူဦးရေ(၄၀)နဲ့ စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ သက်တမ်းအားဖြင့်(၇)နှစ်ရှိပြီဖြစ်တဲ့ သာကီနွယ်သံချပ်အဖွဲ့ဟာ လူကြီးတွေသာမက လူငယ်တွေပါ သံချပ်အပေါ်မှာ စိတ်ဝင်စားမှုတွေရှိလာစေဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်သင်္ကြန်မှာတော့ သာကီနွယ်သံချပ်အဖွဲ့အနေနဲ့ မဏ္ဍပ်နေရာ (၇)နေရာမှာ ဖျော်ဖြေဖို့ပြင်ဆင်ထားပြီး အရင်နှစ်တွေကနဲ့မတူတဲ့နှစ်ပါးသွား၊ သရုပ်ပြ   ခွန်းထောက်တွေနဲ့  ပြည်သူတွေကို  ဖျော်ဖြေသွား ဖို့ လေ့ကျင့်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

သာကီနွယ်သံချပ်အနေနဲ့ နှစ်စဉ်သင်္ကြန်မှာ သံချပ်တွေနဲ့ဖျော်ဖြေတိုင်း စွယ်စုံပထမဆု ၊အထူးဆုစတဲ့ ဆုတံဆိပ်တွေရရှိခဲ့ပြီး ဒီနှစ်မှာတော့ အဖွဲ့ကိုပိုပြီး မြိုင်ဆိုင်အောင် လူငယ်အမျိုးသမီး(၁၀)ဦး၊ အမျိုးသား(၁၀)ဦးနဲ့ ဖွဲ့စည်းထား တယ်လို့ သိရပါတယ်။မြန်မာ့ရိုးရာသင်္ကြန်ကို သံချပ်တွေနဲ့ ဖော်ကျူးတဲ့အခါမှာ ပြည်သူတွေအနေနဲ့ သံချပ်တွေကိုမြတ်နိုးလာပြီး သံချပ်တွေရဲ့ သမိုင်းကြောင်းကို ပြည်သူတွေသိရှိအောင် ဖျော်ဖြေသွားမှာဖြစ်တယ်လို့ သာကီနွယ်သံချပ်အဖွဲ့စီစဉ်သူ ဦးတင်အောင်က ပြောပါတယ်။သံချပ်ဆိုတာ ပုဂံခေတ်နရသီဟပတေ့မင်းလက်ထက်ကတည်းက စတင်ပေါ်ထွန်းခဲ့တာဖြစ်ပြီး အဲဒီကာလက တိုင်းပြည်ရဲ့ရာသီဥတု အခြေအနေတွေ၊ တခြားအကြောင်းအရာတွေကို ဟစ်တိုင်အဖြစ်ထားရှိတဲ့အတွက် သံချပ်တွေပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အခု နောက်ပိုင်းမှာတော့ ခေတ်စနစ်ရဲ့ပုံရိပ်ထင်ဟပ်မှုတွေကို အနုပညာရသမြောက်အောင် ပြည်သူတွေဆီကို တိုက်ရိုက်တင်ဆက်ပေးတဲ့ သံချပ်ဖျော်ဖြေမှုတွေ များပြားလာတယ်လို့သိရပါတယ်။ အဲဒီလိုရသမြောက်တဲ့သံချပ်တွေဖြစ်လာအောင် နိင်ငံရေးနယ်ပယ်မှာ ဖြတ်သန်း ခဲ့သူတွေနဲ့ အနုပညာရှင်တွေက ခေတ်အဆက်ဆက် လက်ဆင့်ကမ်း အမွေပေးခဲ့တာလို့ သိရပါတယ် ။လက်ရှိမှာတော့ သင်္ကြန်မှာ နှစ်စဉ် ဖျော်ဖြေခဲ့တဲ့သာကီနွယ်သံချပ်အဖွဲ့အနေနဲ့ သံချပ်စာသားတွေအဖြစ် တိုင်းပြည်ကိုအကျိုးပြုစေမယ့် စာသားတွေကို ထည့်သွင်းရေးသား ထားတယ်လို့ သိရပါတယ်။အဲဒီစာသားတွေကို အဖွဲ့အလိုက် ညီညွတ်မှုရှိအောင်   တင်ဆက်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့သံချပ်အတိုင် ခေါင်းဆောင် မထက်ထက်အောင်က ပြောပါတယ်။

သာကီနွယ်သံချပ်အဖွဲ့အနေနဲ့ သံချပ်စာသားတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သံချပ်စိစစ်ရေးကော်မတီကို တင်ပြထားတယ်လို့ သိရပါတယ်။ သင်္ကြန်နဲ့သံချပ်တွေဟာ ခွဲခြားမရသလိုပဲ သံချပ်တွေရေရှည်တည်တံ့အောင် မျိုးဆက်သစ်လူငယ်တွေက ကြိုးစားထိန်းသိမ်း သင့်ပြီး သံချပ်အဖွဲ့တွေ နှစ်စဉ်ပေါ်ထွက်လာအောင် သံချပ်ဆုပေးမဏ္ဍပ်တွေ များများရှိလာဖို့လိုအပ်တယ်လို့ သံချပ်အတိုင်ခေါင်းဆောင် မအင်ကြင်းဦးက ပြောပါတယ်။သင်္ကြန်မှာနှစ်စဉ်ဖျော်ဖြေတဲ့ သံချပ်အဖွဲ့တွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက်လည်း ပရိသတ်တွေကအားပေးခြင်းနဲ့ ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ သံချပ်အတိုင်ခေါင်းဆောင်တွေကပြောပါတယ်။ ရန်ကုန်မြို့တွင်းက တောင်ဥက္ကလာပမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပုဇွန်တောင်၊ ရေကျော်စတဲ့ နေရာတွေက သံချပ်အဖွဲ့တွေအများအပြား ထွက်ပေါ်ခဲ့ပါတယ်။

 

 

 

Related News