ရန်ကုန်စီးပွားရေးတက္ကသိုလ်ကိုအခြေပြုပြီး ထောက်ကြန့်အထိ ပြေးဆွဲပေးနေတဲ့ လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီမှYBS(97) ယာဉ်လိုင်းဟာ သင်္ကြန်ကာလအပြီးမှာယာဉ်လမ်းကြောင်းပြောင်းလဲပြေးဆွဲတော့မှာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာပြေးဆွဲနေတဲ့ YBS(97) ရဲ့ခရီးစဉ်လမ်းကြောင်းကတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)၊ တောင်မြောက် လမ်းဆုံ၊ သွားဘက်ဆိုင်ရာ တက္ကသိုလ်၊ သုဝဏ္ဏလမ်းဆုံ၊ စက်ရုံလမ်း၊ မင်္ဂလာဈေး၊ တာမွေဈေးဗလီ၊ ရွှေဂုံတိုင်၊ မြေနီကုန်း၊ ရှစ်မိုင်၊ ခရေပင်လမ်းခွဲ၊နွယ်ခွေ၊ထောက်ကြန့်အထိ ပြေးဆွဲပေးနေတာဖြစ်ပါတယ်။ YBS(97)ကို ယာဉ်လမ်းကြောင်းပြောင်းလဲ ရတာဟာ ဂိတ်စ၊ ဂိတ်ဆုံးကို (၈၂)မိုင်နဲ့မှတ်တိုင်ပေါင်း(၁၁၂)မှတ်တိုင်မောင်းနှင်ရတာကြောင့် ခရီးစဉ်တစ်ကြောင်းကို(၅)နာရီ ၀န်းကျင် မောင်းနှင်ရတာတွေကြောင့် ယာဉ်မောင်းတွေအတွက်အဆင်မပြေမှုမရှိလို့ ပြောင်းလဲရတာဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်လမ်းကြောင်းပြောင်းလဲတဲ့အခါမှာလည်း မူရင်းလမ်းကြောင်းတွေကိုမထိခိုက်အောင် မြေနီကုန်း၊ဆူးလေကိုဖြတ်ပြီး ဘူတာကြီးအထိ ပြေးဆွဲပေးဖို့လျာထားပေမယ့်  မြို့ထဲကိုပြေးဆွဲနေတဲ့ခရုပတ်လမ်းကြောင်းတွေရှိတာကြောင့် အဆင်ပြေ မှုမရှိတဲ့အတွက် လှိုင်စီးပွားရေးတက္ကသိုလ်နဲ့ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)အထိတက္ကသိုလ်(၂)ခုကို ချိတ်ဆက်ပြေးဆွဲပေးဖို့ပြောင်းလဲလိုက်ရတာဖြစ်တယ်လို့ပြောပါတယ်။လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီအနေနဲ့ လက်ရှိမှာ YBS(32)၊ (78)၊(93)၊(94)၊YBS(97) စတဲ့ယာဉ်လိုင်း(၅)ခုကိုယာဉ်အစီးရေ (၂၆၅)စီးနဲ့ ပြေးဆွဲပေးနေတာဖြစ်ပါတယ်။ ဒီယာဉ်လိုင်း(၅)လိုင်းထဲမှ YBS(97)ယာဉ်လိုင်းကတော့ လက်ရှိ ရန်ကုန်စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)မှာ စာမေးပွဲဖြေဆိုနေတဲ့ကျောင်းသား၊ ကျောင်းသူတွေရှိတာကြောင့် လက်ရှိယာဉ်လမ်းကြောင်း အတိုင်းသာ ပြေးဆွဲပေးနေပြီး သင်္ကြန်ကာလပြီးရင်တော့ ယာဉ်လမ်းကြောင်းပြောင်းလဲ ပြေးဆွဲတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News