သင်္ကြန်ကာလရောက်တော့မှာ ဖြစ်တဲ့ အတွက် စတုဒီသာပစ္စည်းများ အဝယ်လိုက်နေတယ်လို့ သိရပါတယ်။သင်္ကြန်ကာလရောက်ရင် မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုအရ အလှူအတန်းတွေ ပြုလုပ်ကြသလို စတုဒီသာ အကျွေးအမွေးကိုလည်း သင်္ကြန်တွင်းကာလပတ်လုံး ကျွေးမွေးလေ့ရှိကြပါတယ်။ ဒါ့ကြောင့် သင်္ကြန်မတိုင်မီကာလကတည်းက ကြိုတင်ကာ ဝယ်ယူမှုတွေကြောင့် ကောက်ညှင်းဆန်နဲ့ အလွယ်တကူ အဆင်သင့်ချက်ပြုတ်လို့ရတဲ့ စတုဒီသာပစ္စည်း ရောင်းအားကောင်းနေတယ်လို့ အင်းစိန်ဈေး ဒေါ်အေးမြင့်ကုန်စုံဆိုင်မှ ဆိုင်ပိုင်ရှင် ဒေါ်အေးမြင့်က ပြောပါတယ်။

ကောက်ညှင်းဆန် တစ်ပြည်ကိုတော့ ငွေကျပ် တစ်ထောင်ကျပ်ဝန်းကျင်ကနေ ၁၆၀၀ ကျပ် ရှိပြီး ထန်းလျက်ခဲ တစ်ပြည်ကိုတော့ တစ်ထောင်ကျပ်ကနေ ၁၈၀၀ ဝန်းကျင်ထိ ရှိပါတယ်။ ဒါ့အပြင် သာကူ နဲ့ အသင့်လုပ်ပြီးသား ကောက်ညှင်းဆန်မှုန့်တွေကိုတော့ တစ်ထောင့်ခြောက်ရာကျပ်ဝန်းကျင်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုနှစ်သင်္ကြန်မှာတော့ သာကူစေ့တွေကလည်း အသင့်လုပ်ပြီးသား သာကူစေ့တွေနဲ့ မုန့်ကြာစေ့ လုံးတွေကလည်း အရောင်းသွက်လာတယ်လို့ သိရပါတယ်။ အုန်းသီးတစ်လုံးကို ငါးရာကျပ်ကနေ ခုနှစ်ရာ ကျပ်ထိရောင်းချပြီး တစ်ရက်ကို အလုံးနှစ်ရာဝန်းကျင်ရောင်းအားကောင်းနေတယ်လို့ မသန်းဝင်းအုန်းငှက်ပျော ရောင်းဝယ်ရေးဆိုင်မှ ဆိုင်ပိုင်ရှင် ကိုအောင်ဝေကပြောပါတယ်။

သင်္ကြန်မှာ အများဆုံးကျွေးမွေးလေ့ရှိတဲ့ မုန့်လုပ်ဆောင်းဖတ်၊ ရွှေရင်အေး ကိုလည်း ကြိုတင်မှာယူသူ တွေများပြားနေပြီး သင်္ကြန်မတိုင်မီကာလတွေကတည်းက စတုဒီသာကျွေးမွေးသူတွေ ရှိတာကြောင့် ရောင်းချနေရတယ် လို့ သိရပါတယ်။ မုန့်လုပ်ဆောင်းဖတ်သီးသန့် ကြိုတင်မှာယူဝယ်ယူကြသလို ရွှေရင်အေးနဲ့ မုန့်လက်ဆောင်းလို မှာယူတာတွေလည်းရှိတယ်လို့ မုန့်လက်ဆောင်းရောင်းချပေးတဲ့ ဒေါ်မြမြကပြောပါတယ်။

သင်္ကြန်ကာလကိုရောက်ရင် စတုဒီသာအကျွေးအမွေးတွေအဖြစ် မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း၊နဲ့ ထမင်းတို့ကို အများဆုံးကျွေးမွေးလှူဒါန်းလေ့ကြတာကြောင့် သင်္ကြန်ကာလအတွက်ကြိုတင်ဝယ်ယူကြတာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News