ဧပြီလ(၁၃)ရက်ကနေ(၁၆)ရက်အထိ မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် ကာလအတွင်း လမ်းလျှောက်သင်္ကြန်ပြုလုပ်မယ့်နေရာတွေကို လမ်းပိတ်လမ်းလွှဲနဲ့တစ်လမ်းမောင်းစနစ်ပြုလုပ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီကထုတ်ပြန်ထားပါတယ်။သင်္ကြန်ပွဲတော်ကာလအတွင်းပြုလုပ်မယ့်လမ်းလျှောက်သင်္ကြန်တွေကတော့ မဟာဗန္ဓုလလမ်းလမ်းလျှောက်သင်္ကြန်၊အင်းယားလမ်းလမ်းလျှောက်သင်္ကြန်၊မြကျွန်းသာလမ်းလျှောက်သင်္ကြန်၊ကန်တော်ကြီးပန်းခြံလမ်းလျှောက်သင်္ကြန်၊ဦးဥတ္တမပန်းခြံလမ်းလျှောက်သင်္ကြန်နဲ့ကုန်သည်လမ်းလမ်းလျှောက်သင်္ကြန် အစရှိတဲ့နေရာတွေမှာပြုလုပ်သွားမှာဖြစ်ပါတယ်။မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလလမ်းကို ပုံမှန်မောင်းနှင်တဲ့ ယာဉ်တွေအနေနဲ့  သင်္ကြန်ပွဲတော်ကာလအတွင်းမှာ ရေကစားမဏ္ဍပ်တွေ၊ လမ်းလျှောက်သင်္ကြန်တွေလည်း ရှိတာကြောင့် မနက်(၆)နာရီကနေ ညနေ(၆)နာရီအထိ တစ်လမ်းမောင်းစနစ်အနေနဲ့ လမ်းပိတ်၊လမ်းလွှဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒီလို ဆောင်ရွက်တဲ့အခါမှာလည်း ရေပက်ခံကားတွေကို ပန်းဆိုးတန်းဘက်ကနေ၀င်ပြီး ဆူးလေဘုရားလမ်းရဲ့လက်ယာဘက်ကိုကွေ့ပြီး ၀င်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။သာမာန်မောင်းနှင်တဲ့ ယာဉ်လိုင်းတွေကတော့ ဆူးလေဘုရားအ၀ိုင်းကနေညာကွေ့ပြီး ကမ်းနားလမ်းကဆင်းပြီးသွားနိုင်သလို ဗိုလ်ချုပ်လမ်းဘက်ကလည်း သွားနိုင်ဖို့ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။ဒါ့အပြင်ကုန်သည်လမ်းမှာမောင်းနှင်တဲ့ယာဉ်တွေအနေနဲ့လည်း ပန်းဆိုးတန်းကနေဘယ်ကွေ့ပြီး ကမ်းနားလမ်းကနေတစ်ဆင့် ဆူးလေဘုရားလမ်းကို မောင်းနှင်နိုင်ဖို့အတွက်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့တွေမှ လမ်းညွှန်အမှတ်အသားတွေနဲ့ ပြသပေးသွားမှာဖြစ်ပါတယ်။

အင်းယားလမ်း၊တက္ကသိုလ်ရိပ်သာလမ်းနဲ့ပြည်လမ်းကြားမှာ လမ်းလျှောက်သင်္ကြန်ကိုလည်း ပြုလုပ်သွားမှာဖြစ်တာကြောင့်  ပြည်လမ်းဘက်ကလာမယ့်ယာဉ်တွေကလည်း ဘယ်ကွေ့ဖြစ်တဲ့ အင်းယားလမ်းဘက်ကိုမကွေ့ခိုင်းပဲ ပြည်လမ်းအတိုင်းကွေ့ပြီးမောင်းနှင်လို့ရသလို တက္ကသိုလ်ရိပ်သာလမ်းကို လည်းဘယ်ကွေ့ပြီး မောင်းနှင်နိုင်အောင် ဆောင်ရွက်ထားတယ်လို့သိရပါတယ်။ ဒါကြောင့် မော်တော်ယာဉ်မောင်းနှင်သူတွေအနေနဲ့ အခြားသင့်တော်တဲ့လမ်းများမှမောင်းနှင်နိုင်ဖို့အတွက်လည်း ရန်ကုန်တိုင်းဒေသကြီးယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီကထုတ်ပြန်ထားပါတယ်။

 

 

Related News