(၁၈)ကြိမ်မြောက် လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီးကို မျက်နှာသစ်တော်ရေ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရောင်တော်ဖွင့်ခြင်း မင်္ဂလာအခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက် ဧပြီလ(၁၇)ရက် မနက်(၆)နာရီအချိန်က ကျောက်တော်ကြီးဘုရားမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ လောကချမ်းသာ အဘယ လာဘမုနိရုပ်ပွားတော်မြတ်ကြီးကို မျက်နှာသစ်တော်ရေကပ်လှူပူဇော်ပွဲကို နှစ်စဉ်နှစ် တိုင်းကျင်းပပြုလုပ်လာတာ အခုဆိုရင်တော့ (၁၈)ကြိမ်မြောက်ရှိပြီလည်းဖြစ်တယ်လို့သိရပါတယ်။မြန်မာလူမျိုးတွေအနေနဲ့ မြန်မာနှစ်ဆန်း(၁)ရက်နေ့မှာ  မင်္ဂလာယူတဲ့အနေနဲ့ မိမိတို့ အိမ်မှာရှိတဲ့ မြတ်စွာဘုရားကို သန့် ရှင်းစင်ကြယ်ခြင်း ၊ ရေသပ္ပာယ်ခြင်း ၊ ဘုရားအနေကဇာတင်ခြင်းများကို ကျင်းပပြုလုပ်လေ့ရှိတာလည်း ဖြစ်ပါတယ်။

မျက်နှာသစ်တော် ရေကပ်လှူပူဇော်ပွဲမှာတော့ သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။အဲ့နောက်မှာတော့ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော် သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့ကြ သလို လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီးကို မျက်နှာသစ်တော်ရေ ဆပ်ကပ်လှူဒါန်းဖို့နဲ့ ရောင်တော်ဖွင့်ဖို့အတွက် လက်ယာရစ်တစ်ပတ် ပူဇော်ခဲ့ပါတယ်။အဲ့ဒီနောက် ရုပ်ပွားတော်မြတ်ကြီးအား ဧည်သည့်တော်များနဲ့ ဂေါပကအဖွဲ့ ၀င်များက အမွှေးနံ့ သာများ ပတ်ဖျန်းခြင်း ၊ မျက်နှာတော်သစ်ခြင်း ၊ မျက်နှာတော်သုတ်ခြင်း ၊ သွားတော်တိုက်ခြင်း ၊ ယပ်တော်သွင်းခြင်း ၊ အနေကဇာတော်တင်ခြင်းများပြုလုပ်ခဲ့ပြီး လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း ၊ ရေချမ်း ၊ ပန်း ၊ သစ်သီး(၉)မျိုး ၊ ယို(၉)မျိုးကို ဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။လောကချမ်းသာ အဘယ လာဘမုနိရုပ်ပွားတော်မြတ်ကြီး မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ပွဲကိုတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးကြီးနှင့် ဒုတိုင်းမှူး ၊ တိုက်နယ်မှူးကြီးများ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်  ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

 

 

 

Related News