ပုဂံယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းထားမှုနဲ့ပတ်သက်ပြီး အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံအစည်းအဝေးမှာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ပုဂံရှေးဟောင်းမြို့တော်နှင့် ယဉ်ကျေးမှုအမွေအနှစ်တွေကို (၁၉၉၆)ခုနှစ်က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ဖို့ ယူနက်စကိုအဖွဲ့ကို တင်ပြခဲ့ပေမယ့် ဥပဒေအရကာကွယ်ထိန်းသိမ်းထားတာမရှိသေးတာ၊ ဇုန်သတ်မှတ်ထားတာမရှိသေးတာ၊ ရေရှည်စီမံခန့်ခွဲမှုမရှိသေးတာ စတဲ့ အချက်အလက်တွေ မပြည့်စုံတာကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် မပြုလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ (၂၀၁၇)ခုနှစ် စက်တင်ဘာ (၃၁)ရက်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းခြင်းစာတွဲ မူကြမ်းကို ကမ္ဘာ့အမွေအနှစ် ကော်မတီထံ တင်ပြခဲ့ပြီး (၂၀၁၈)ခုနှစ် ဇန်န၀ါရီလမှာတော့  ပုဂံရှေးဟောင်းမြို့တော်ကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းခြင်း စာတွဲ(၅)တွဲကို နိုင်ငံတော်အဆင့်အနေနဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံ၊ဘာကူမြို့မှာ လာမယ့်ဇွန်လ (၃၀)ရက်မှ ဇူလိုင်လ(၁၀)ရက်အထိ ကျပ်းပပြုလုပ်မယ့် (၄၃)ကြိမ်မြောက်ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံအစည်းအဝေးမှာ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၀င်ရောက်နိုင်ဖို့ ဆုံးဖြတ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို စာရင်းဝင်အဖြစ်တင်သွင်းနိုင်ဖို့ကို ယူနက်စကို၊အီတလီနိုင်ငံအစိုးရ၊ကမ္ဘာ့ဘဏ်၊ပြည်တွင်းပြည်ပ ပညာရှင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့တာလို့ သိရပါတယ်။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့လိုအပ်တဲ့ လိုအပ်ချက်တွေကို ယခုတစ်ခေါက် တင်ပြမှုမှာတော့ ပြီးပြည့်စုံအောင်လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်အား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းမှုအတွက် မြန်မာနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် ကော်မတီဝင်(၂၁)နိုင်ငံ ဆိုင်ရာ သြစတေးလျ၊ဘရာဇီး၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊အင်ဒိုနီးရှားနိုင်ငံဆိုင်ရာသံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံများ ဖြစ်တဲ့ ဂျပန်၊တရုတ်၊ကိုရီးယား၊အိန္ဒိယ၊ ဂျာမနီ ၊ အီတလီ၊ကိုလံဘီယာ၊ဆွစ်ဇလန်၊ ကနေဒါ၊ပြင်သစ်၊ အမေရိကန်နိုင်ငံမှ သံအမတ်ကြီးများနှင့်တာဝန်ရှိသူများကို ဧပြီလ (၁၂)ရက်က ရန်ကုန်မြို့အမျိုးသားပြတိုက်မှာတွေ့ဆုံရှင်းလင်းတင်ပြခဲ့တယ်လို့သိရပါတယ်။


 

Related News