မြန်မာနှစ်သစ်ကူးဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံး နေရာဒေသအသီးသီး ကောင်းမှုကုသိုလ်များ ပြုလုပ်ကြသလို သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မှာလည်း ကောင်းမှုကုသိုလ် ပြုလုပ်သူတွေ၊ ဘုရားဖူးလာရောက်သူတွေနဲ့စည်ကားခဲ့တယ်လို့ သိရပါတယ်။ မြန်မာသက္ကရာဇ် (၁၃၈၁)ခုနှစ်  မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ ရန်ကုန်မြို့ မှာရှိတဲ့ ဘုရားကျောင်းကန် တွေမှာဘုရားဖူးမြော်ကြည်ညိုသူတွေ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူတွေနဲ့ စည်ကားခဲ့ပြီး သီရိမင်္ဂလာကမ္ဘာအေးစေတီ တော်မှာလည်း နံနက်ခင်းကစလို့ ကောင်းမှုကုသိုလ်ပြုလုပ်သူတွေ ဘုရားဖူးမြော်သူတွေနဲ့ စည်ကားခဲ့ပါတယ်။နှစ်ဆန်းတစ်ရက်နေ့ နေ့လည်ပိုင်းမှာ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မှာနှစ်စဉ်နှစ်တိုင်း ပြုလုပ်တဲ့ နှစ်သစ်မင်္ဂလာအခါတော်နေ့အခမ်းအနားမှာ ဂေါပကအဖွဲ့မှတာဝန်ရှိသူတွေနဲ့ ၀တ်အသင်း(၁၀) သင်းမှ မင်္ဂလသုတ်အမွှန်းရွတ်ဆိုခြင်း၊ မင်္ဂလသုတ်ပါဠိတော် ကိုစုပေါင်းရွတ်ဖက်ခြင်း၊ မေတ္တာပို့အမျှဝေခြင်း၊ ဆုတောင်းမေတ္တာများရွတ်ဖတ်ပူဇော်ခြင်း တွေပြုလုပ်ခဲ့ကြပါတယ်။ နှစ်သစ်မင်္ဂလာအခါတော်နေ့အခမ်းအနားမှာပါဝင်ကြတဲ့ ၀တ်အသင်းတွေကတော့ မြန်မာတို့ရဲ့အထွဋ်အမြတ် ထားရာရက်တွေထဲမှ တစ်ရက်ဖြစ်တဲ့ နှစ်သစ်မင်္ဂလာအခါတော်နေ့ကို နှစ်စဉ်ပါဝင်ကြပြီး လူငယ်တွေကိုလည်း အထွဋ်အမြတ်ရက်တွေကို ထိန်းသိမ်းဖို့အတွက် ဆက်လက်လုပ်ဆောင်ဖို့ လက်ဆင့်ကမ်းဖို့လိုတယ်လို့ ဓမ္မရောင်ခြည်ဝတ်အသင်းမှ အသင်းခေါင်းဆောင်က ပြောပါတယ်။

အခုနှစ်ဆန်းတစ်ရက်မှာတော့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မှာ ဘုရားဖူးလာရောက်သူ (၃၀၀၀)ကျော်ရှိခဲ့ပြီး ယခင်နှစ်တွေကထက်များပြားခဲ့တယ်လို့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ဂေါပကအဖွဲ့မှ အလှည့်ကျသဘာပတိကပြောပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာဆိုရင် ဗုဒ္ဓဘာသာဝင်များက ကောင်းမှုကုသိုလ်များပြုလုပ်ကြပြီးစတုဒီသာကျွေးမွေးတာ၊ ဘိုးဘွားကန်တော့တာ၊ သက်လွှတ်တာတွေကိုနေရာဒေသအသီးသီးမှာ ပြုလုပ်ကြပါတယ်။ သီိရိမင်္ဂ လာကမ္ဘာအေးစေတီကိုလာရောက်ကြတဲ့သူတွေကတော့ သီရိမင်္ဂလာကမ္ဘာအေးစေတီမှာ ဓါတ်တော် တိုက်ဖူးခြင်း၊ ငါးလွှတ်ခြင်း၊ ငါးစာကျွေးခြင်း၊ ခိုစာကျွေးခြင်းတွေပြုလုပ်ခဲ့ကြတယ် လို့ပြောပါတယ်။ဒါ့အပြင်သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မှာ ပြီးခဲ့တဲ့သင်္ကြန်ကာလ(၄)ရက်မှာတော့ နံနက်(၉)နာရီမှ (၁၀)နာရီအထိ သီလခံယူပွဲပြုလုပ်ခဲ့ပြီး နေ့လည်(၁)နာရီမှ (၃)နာရီအထိ တရားပွဲများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 


 

Related News