ယခုနှစ် (၂၀၁၉)ခုနှစ် မဟာသင်္ကြန်ကာလမှာ ပြည်သူတွေအနေနဲ့ လမ်းမတွေပေါ်မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေက ယခင်နှစ်တွေကထက်လျော့နည်းလာတာကို တွေ့ရှိရတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနက တာဝန်ရှိသူပြောကြားချက်အရသိရပါတယ်။လမ်းတွေပေါ်မှာစည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်စေဖို့အတွက် ပြည်သူတွေပူးပေါင်းပါဝင်လာအောင် အသိပညာပေးလှုံ့ဆော်မှုတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနက လုပ်ဆောင်နေသလို ပရဟိတအဖွဲ့အစည်းတွေကလည်း ပူးပေါင်းပါဝင်လုပ်ဆောင်လာကြတဲ့အတွက် ယခု (၂၀၁၉) နှစ်သင်္ကြန်ကာလအတွင်းမှာ ပြည်သူတွေစည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေလျော့နည်းလာတယ်လို့သိရပါတယ်။ အချို့ရေပက်ခံကားတွေအနေနဲ့လည်း အမှိုက်တွေကို သူတို့ရဲ့ ကားပေါ်မှာအိတ်နဲ့ထုပ်ပိုးပြီး အမှိုက်စွန့်ပစ်ဖို့နေရာတွေမှာ စွန့်ပစ်လာတာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။


ယခုနှစ် င်္ကြန်ကာလမှာ ပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့်သန့်ရှင်းရေးဌာနက အမှိုက်သိမ်းဆည်းဆောင်ရွက်ရာမှာလွယ်ကူစေဖို့အတွက် စတုဒီသာမဏ္ဍပ်တွေက ထွက်ရှိလာတဲ့ အမှိုက်တွေကိုသတ်မှတ်ထားတဲ့ အမှိုက် Stand တွေမှာ စွန့်ပစ်စေဖို့ပြောကြားထားတဲ့အတွက် အမှိုက်သိမ်းဆည်းရာမှာ လျင်မြန်လွယ်ကူစေခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် သင်္ကြန်ကာလအတွင်းဈေးရောင်းချတဲ့ လမ်းဘေးဈေးသည်တွေကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနက ဈေးဆိုင်တွေက ထွက်ရှိ အမှိုက်တွေကို စည်းကမ်းတကျစွန့်ပစ်ဖို့အမှိုက်အိတ်များလိုက်လံရောင်းချပြီး စည်းရုံးပညာပေးထားတဲ့အတွက် လမ်းဘေးဈေးသည်တွေအနေနဲ့ မိမိတို့ဈေးဆိုင်တွေရဲ့ ထွက်ရှိအမှိုက်တွေကို အိတ်ဖြင့်သေချားစွာထုတ်ပိုးတာတွေကို လုပ်ဆောင်ပေးခဲ့ကြတယ်လို့သိရပါတယ်။

ယခုနှစ်သင်္ကြန်ကာလမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနက ခရိုင်အလိုက်အမှိုက်သိမ်းဆည်းဆောင်ရွက်သလို ပရဟိတအဖွဲ့အစည်းတွေ၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ဖော်ဆောင်ရေးပရဟိတအဖွဲ့တွေနဲ့မဟာဗန္ဓုလပန်းခြံဘေးက လမ်းလျှောက်သင်္ကြန်မှာလည်း ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေက ကျောင်းသား၊ ကျောင်းသူဟောင်းတွေက ထွက်ရှိအမှိုက်တွေကို ကန်ပိန်းပြုလုပ်ကာ အမှိုက်ရှင်းလင်းဆောင်ရွက်ပေးတဲ့အတွက် ယခုနှစ် မှာ အမှိုက်သိမ်းဆည်းဆောင်ရွက်မှုတွေမြန်ဆန်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်္ကြန်ကာလအတွင်းမနက်နဲ့ညပိုင်းတွေမှာ အမှိုက်သိမ်းဆည်းတာတွေအပြင် သင်္ကြန်ကာလအပြီး သင်္ကြန်အတက်နေ့ညပိုင်းက စတင်ကာ နှစ်ဆန်း(၂)ရက်နေ့အထိ အမှိုက်သိမ်းဆည်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။  သင်္ကြန်ကာလအတွင်း  ရေကစားမဏ္ဍပ်တွေ အုန်းလတ်မဏ္ဍပ်တွေက ခရိုင်အလိုက် ထွက်ရှိတဲ့ အမှိုက်တန်ချိန် တွေကတော့ အရှေ့ပိုင်းခရိုင်မှာ (၁၃၉.၅တန်)၊ အနောက်ပိုင်းခရိုင်မှာ (၁၃၉တန်)၊ တောင်ပိုင်းခရိုင်မှာ (၉၄တန်)နဲ့ မြောက်ပိုင်းခရိုင်မှာ အမှိုက်တန်ချိန်ပေါင်း (၁၄၀.၃)တန် ဖြင့် ယနေ့အထိ သိမ်းဆည်းရရှိတဲ့ အမှိုက်တန်ချိန် စုစုပေါင်း (၅၂၁)တန်ခန့်ရှိတယ်လို့သိရပါတယ်။


 

Related News