ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊နှောကုန်းကျေးရွာ သဲအင်းဂူ ဗဟိုဌာနချူပ် ရိပ်သာကြီးရှိ လေးကျွန်းဓမ္မစကြာရှင် စေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်း၊ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ဧပြီလ (၁၉)ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊နှောကုန်းကျေးရွာ သဲအင်းဂူ ဗဟိုဌာနချူပ်ရိပ်သာကြီးရှိ လေးကျွန်းဓမ္မစကြာရှင် စေတီတော်မြတ်ကြီးကို မြန်မာသက္ကရာဇ်(၁၃၂၇)ခုနှစ်က မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ကိုယ်တော်တိုင်အုတ်မြစ်ချပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီလိုအုတ်မြစ်ချခဲ့ပေမယ့် မြန်မာသက္ကရာဇ် (၁၃၅၂)ခုနှစ်မှာ ဥာဏ်တော် (၅၄)ပေအမြင့်ရှိတဲ့စေတီငယ်ကိုသာ တည်ထားကိုးကွယ်ခဲ့တာလို့သိရပါတယ်။ဒါ့ကြောင့် မူလစေတီငယ်ကိုဌာပနာပြုပြီး မူလ သဲအင်းဂူဆရာတော်ဘုရားကြီး ဆန္ဒရှိတော်မူသည့်အတိုင်း ရွှေတိဂုံစေတီပုံစံတူ (၁၁၇)ပေအမြင့် အထိဥာဏ်တော်မြင့်တင် တည်ထားပူဇော်ခဲ့တာလို့သိရပါတယ်။

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။ ဒီစေတီတော်ကို စေတီတော်ဖြစ်မြောက်ရေးကော်မတီမှ သြ၀ါဒါ စရိယဆရာတော်ကြီးများထံမှ သြ၀ါဒခံယူပြီး မြန်မာသက္ကရာဇ် (၁၃၇၁)ခုနှစ် တပို့တွဲလမှစပြီး ပြန်လည်တိုးချဲ့ပူဇော်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခမ်းအနားမှာ သံဃာတော် အပါး (၁၂၀)ကို ပင့်ဖိတ်ခဲ့ပြီး ဆွမ်းအစရှိတဲ့ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချကုသိုလ်ပြုအမျှဝေခဲ့ကြတာဖြစ်ပါတယ်။


 

Related News