ရောင်းသူရော ၀ယ်သူပါ လျော့နည်းလာတဲ့ ကမ်းနားလမ်းပေါ်က ညဈေးကို ပြန်လည်စည်ကားလာအောင် အဆင့်မြှင့်တင်တာတွေလုပ်ဆောင်တော့မှာဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်တဲ့ A25 ကုမ္ပဏီက (ppp)စနစ်နဲ့ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ကမ်းနားလမ်းညဈေးကို ၂၀၁၆ နိုဝင်ဘာ(၂၃)ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုဆို(၂)နှစ် ခွဲဝန်းကျင် သက်တမ်းရှိပြီဖြစ်ပါတယ်။ဒီညဈေးဟာ ရန်ကုန်မြို့တွင်းလေးမြို့နယ်က လမ်းဘေးဈေးသည်တွေကို ပြန်လည်နေရာချထားပေးဖို့ ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကာလတုန်းက ပန်းပဲတန်း၊ကျောက်တံတား၊ လသာ၊လမ်းမတော် မြို့တွင်းလေးမြို့နယ်က လမ်းဘေးဈေးသည်(၆၀၀၀) ၀န်းကျင်ရှိခဲ့ပြီး ဒီထဲက ဈေးသည် (၁၆၀၀)ကို ပြန်လည်နေရာချထားပေးခဲ့တာပါ။ကျပ်(၁.၈)ဘီလီယံလောက် အသုံးပြုဖော်ဆောင်ခဲ့တဲ့ ကမ်းနားလမ်းညဈေးဟာ အခုချိန်မှာတော့ ဈေးသည် ရာဂဏန်းလောက်သာရှိပြီး နေရာအနေအထားနဲ့ ကားပါကင် အခက်အခဲကြောင့် စားသုံးသူလည်းလျော့နည်းလာပါတယ်။

အခုချိန်မှာတော့ ဒီညဈေးကို ဘန်ကောက်ညဈေးလို ဖြစ်လာဖို့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက တာဝန်ယူ အဆင့်မြှင့်တင်တော့မှာဖြစ်ပါတယ်။ဟိုက်ဒရောလစ် ကားပါကင်တွေအပါအ၀င် ၊မိုးတွင်းမှာကြုံတွေ့ရတဲ့ ရေ၀င်ရောက်မှုကိုပါ ဖြေရှင်းပြီး ညဈေးတန်းပုံစံကို ပြန်လည်ပြောင်းလဲဖို့လုပ်ဆောင်မယ်လို့သိရပါတယ်။လာမယ့်လပိုင်းအတွင်း ကျောက်တံတားနဲ့ပန်းပဲတန်းမြို့နယ်အပိုင်းကို စတင်အကောင်အထည်ဖော်မှာ ဖြစ်ပြီး ညဈေးအဆင်မြှင့်တင်ပြီးပါက လက်ရှိ ရောင်းချနေတဲ့ သစ်သီးနဲ့အစားအသောက်ဆိုင်တန်းတွေ အပြင် အ၀တ်အထည်နဲ့အခြားဆိုင်ခန်းတွေပါဝင်လာမှာဖြစ်သလို ဖျော်ဖြေရေးကဏ္ဍတွေပါ ထည့်သွင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီကမ်းနားလမ်းညဈေးအဆင်မြှင့်တင်မှုအတွက် ကုမ္ပဏီဘက်က ငွေကျပ်(၂)ဘီလီယံခွဲကျော် အသုံးပြုမှာဖြစ်ပြီး လုပ်ပိုင်ခွင့်ကိုတော့အစိုးရဘက်က ငါးနှစ်တစ်ကြိမ်ပြန်လည်သုံးသပ်မှာဖြစ်တယ်လို့ သိရပါတယ်။ လာမယ့်မေလ ကစပြီး ဘဏ်လမ်းမှာလည်း စနေ၊တနင်္ဂနွေသာ ရောင်းချမယ့် Yangon Weekend Market ကိုဖွင့်လှစ်တော့မှာ ဖြစ်ကာ နောက်ပိုင်းမှာတော့ ဒီညဈေးနှစ်ခုနဲ့ဆက်စပ်တဲ့နေရာက စည်းကားလာဖို့ မျှော်မှန်းထားတယ်လို့သိရပါတယ်။


 

Related News