ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ မေလ (၁) ရက်ကစပြီး ဆေးရုံဝင်းထဲက ဝင်ပေါက်၊ ထွက်ပေါက်တွေကို ပြန်လည်သတ်မှတ်ကာ တစ်လမ်းမောင်းစနစ်သတ်မှတ် ကျင့်သုံးတော့မယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထောက်အကူပြုအဖွဲ့က သိရပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းထဲမှာ လူနာတင်ယာဉ်တွေ သွားလာရလွယ်ကူပြီး ယာဉ်ကြောရှင်းအောင် တစ်လမ်းမောင်းစနစ်ကို မေလ (၁) ရက်ကစပြီး ကျင့်သုံးတော့မှာဖြစ်ပါတယ်။ ဗိုလ်ချုပ်လမ်းပေါ်က ဆေးရုံအဝင်နဲ့ ထွက်ပေါက်တွေကို ပုံမှန်အတိုင်းကျင့်သုံးမှာဖြစ်ပေမယ့် အရေးပေါ်ဌာနဘေးက ဝင်ပေါက်နဲ့ ရွှေတိဂုံဘုရားလမ်းပေါ်က ဝင်ပေါက်ကိုတော့ တစ်လမ်းမောင်းအနေနဲ့ သတ်မှတ်မှာ ဖြစ်ပါတယ်။ အရေးပေါ်ဌာန ဘေးဝင်ပေါက်ကနေ ဝင်တဲ့ ကားတွေက ၁၉လမ်း အနောက်ပေါက်ကနေ ပြန်ထွက်ခွာရမှာဖြစ်ပြီး ရွှေတိဂုံဘုရားလမ်းဝင်ပေါက်အတွက်လည်း ထွက်အပေါက် တစ်ခုစီမံပြီး အဝင်တစ်လမ်း၊ အထွက်တစ်လမ်းနဲ့ မောင်းနှင်စေမှာဖြစ်ပါတယ်။ 

ဒါ့အပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းထဲမှာ တက္ကစီတွေကို လုံးဝရပ်နားခွင့်ပြုတော့မှာမဟုတ်ဘဲ လမ်းမတော်မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ လမ်းမတော်လမ်းပေါ်မှာ တက္ကစီ ယာဉ်တွေရပ်နားဖို့ နေရာသီးသန့်ပေးသွားမှာဖြစ်ပါတယ်။ စည်းကမ်းမလိုက်နာဘဲ ဆေးရုံဝင်းထဲရပ်နားတဲ့ တက္ကစီတွေနဲ့ ဆေးရုံဝင်းအတွင်း လမ်းပြောင်းပြန်မောင်းနှင်တဲ့ ကားတွေကိုတော့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးအရေးယူသွားမယ်လို့သိရပါတယ်။ ယခုလို စနစ်ပြောင်းလဲသတ်မှတ်လိုက်ရင် ရန်ကုန်ဆေးရုံကြီးမှာ ဝင်ပေါက် သုံးပေါက်နဲ့ ထွက်ပေါက်လေးပေါက်ပါဝင်ပြီး အဝင်တစ်လမ်း၊ အထွက် တစ်လမ်း မောင်းနှင်းသွားလာရမယ့် တစ်လမ်းမောင်းစနစ်အဖြစ် အသုံးပြုရမှာဖြစ်ပါတယ်။ အရေးပေါ်ဌာနဘေးက ဝင်ရတဲ့ ကားတွေအတွက် အထွက်လမ်းကိုတော့ ပြုပြင်နေဆဲဖြစ်ပြီး မနက်ခြောက်နာရီကနေ ညရှစ်နာရီအထိ အသုံးပြု မောင်းနှင်ခွင့်ပေးမှာဖြစ်ပါတယ်။ 


 

Related News