ခေတ်ဟောင်းကင်မရာပြပွဲကို လာမယ့် ဧပြီလ(၂၃)ရက်မှ(၂၅)ရက်အထိ (၃) ရက်ကြာ မန္တလေးမြို့ မြို့တော် ခန်းမမှာ ပြုလုပ်သွားမယ်လို့ ဧပြီလ (၁၉) ရက်က မန္တလေးမြို့ မီဒီယာစင်တာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကသိရပါတယ်။အခုပြုလုပ်သွားမယ့် ခေတ်ဟောင်းကင်မရာပြပွဲမှာ ဓာတ်ပုံပညာရပ်နဲ့ ဓာတ်ပုံအနုပညာအတွက် အခြေခံမရှိ မဖြစ် ကိရိယာဖြစ်တဲ့ ကင်မရာအဆင့်ဆင့် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အဆင့်လိုက်ပြသသွားမှာဖြစ်ပြီး နှစ်အလိုက်စုဆောင်းထားတဲ့ ကင်မရာတွေ၊ ရှေးခေတ်ရှားပါးကင်မရာတွေရဲ့ ဓာတ်ပုံ၊ ရုပ်ပုံကားချပ်တွေ၊ ဖလင်ကင် မရာ ခေတ်က ဓာတ်ပုံတစ်ပုံ ရရှိဖို့ ဆောင်ရွက်ရတဲ့ ပြကွက်တွေ၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ ဖလင်အမျိုးအစားတွေနဲ့ ဖလင်ဓာတ်ပုံတွေကိုလည်း ပြသသွားမယ်လို့ သိရပါတယ်။ ဒီပြပွဲကို ကျောင်းသားလူငယ်တွေ၊ ဓာတ်ပုံဝါသနာရှင်တွေ၊ ကင်မရာနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကြောင်းပြုနေသူတွေအတွက် ကင်မရာနဲ့ ပတ်သက်တဲ့ ဗဟုသုတရရှိစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ ပြပွဲကို ဦးဆောင်ပြုလုပ်မယ့် ကင်မရာစုဆောင်းသူ ဦးကျော်သက်မင်းက ပြောပါ တယ်။ 

အခုပြုလုပ်သွားမယ့်ပြပွဲမှာ ကင်မရာအလုံးပေါင်း (၂၀၀) ဝန်းကျင်ကို Box Camera၊ Folding Camera စတဲ့ ကင်မရာအမျိုးအစားအလိုက်ခွဲခြားပြသသွားမှာဖြစ်ပြီး ထူးခြားမှုအနေနဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အသုံးပြုခဲ့တဲ့ ကင်မရာကိုလည်း ပြသသွားမယ်လို့ သိရပါတယ်။ဒါ့အပြင် ဒီပြပွဲမှာ ကင်မရာတွေအပြင် မန္တလေးရဲ့ပုံရိပ်ကိုထင်ဟပ်စေတဲ့ အဖြူအမဲဓာတ်ပုံ (၆၀) ဝန်းကျင်နဲ့ ကာလာဓာတ်ပုံ (၃၀) ဝန်းကျင်ကိုလည်း ထည့်သွင်းပြသသွားမယ်လို့ သိရပါတယ်။ခေတ်ဟောင်းကင်မရာပြပွဲကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပြီး အခု မန္တလေးမြို့မှာတော့ ပထမဆုံးအဖြစ် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

 

Related News