ယခု(၂ဝ၁၉)ခုနှစ်သင်္ကြန်ကာလဧပြီလ(၁၃)ရက်မှ (၁၆)ရက်အတွင်းမန္တလေးတိုင်းဒေသကြီးမှာ သင်္ကြန်နှင့်ပတ်သက်တဲ့ မှုခင်းဖြစ်ပွားမှု(၈၂)မှု ရှိခဲ့ပြီး(၂)ဦးသေဆုံးခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူထံက သိရပါတယ်။ယခုနှစ်သင်္ကြန်ကာလ မန္တလေးတိုင်းဒေသကြီးမှာ မှုခင်းဖြစ်ပွားမှုအနေနဲ့ သင်္ကြန်နဲ့ပတ်သက်တဲ့ မှုခင်း(၈၂)မှု ဖြစ်ပွားခဲ့ပါတယ်။ လူသတ်မှုတစ်မှု ပါဝင်ပြီးသေဆုံး(၁)ဦးဒဏ်ရာရသူ(၁)ဦးဖြစ်ပြီး ဖော်ထုတ်ရရှိဖို့အတွက် စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်းနဲ့ နာကျင်(ယာဉ်)မှု (၄)မှုမှာ သေဆုံး(၁)ဦး၊ ဒဏ်ရာရသူ(၁၆)ဦး ရှိတယ်လို့ သိရပါတယ်။ သင်္ကြန်ကာလအတွင်း နာကြင်(ရိုးရိုး)(၁၂)မှုမှာ ဒဏ်ရာရသူ(၂၃)ဦး၊ ကျန်အခြား(၉)မှုမှာ ဒဏ်ရာရ(၆)ဦး၊ လက်နက်(၂၈)မှု၊ လက်နက်ပုန်း(၂၈)မှု၊ ယစ်မျိုး(၁၉)မှုနဲ့ခိုးမှု၊ မသင်္ကာမှု(၉)မှုကိုလည်း ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့တယ်လို့ သိရပါတယ်။

 (၂၀၁၉)ခုနှစ် သင်္ကြန်ကာလမန္တလေးတိုင်းဒေသကြီးအတွင်း(၃၈)နေရာမှာ နေ့ညပိတ်ဆို့ စိစစ်ရေး ဆောင်ရွက်ခဲ့တဲ့အတွက် သိမ်းဆည်းရမိတဲ့ အရက်ဘီယာပုလင်း(၂၁၈၃)ပုလင်း၊ မျက်နှာဖုံးစွပ်(၇၅၆)ခု၊ တုတ်(၁၈၃)ချောင်း၊ ကျောက်လှည့် (၅၉၇)ချောင်း၊ ကတ်ကြေး(၄၆)ချောင်း၊ ဆူညံအိတ်ဇော(၃၅)ခု၊ သံချောင်း(၇၇)ချောင်း၊ လေးခွ(၅)လက်၊ ချိန်းကြိုး(၉)ချောင်း၊ ဓား(၁၀၈)လက်သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ သင်္ကြန်ကာလအတွင်းမှာ ကျုံးအတွင်း အရက်သေစာသောက်စားမူးယစ်ပြီး ရေဆင်းချိုးသူ(၂၀)ဦးဖမ်းဆီးရမိတဲ့ ထဲမှာ(၁၆)ဦးကို ရဲအက်နဲ့ အရေးယူခဲ့ပြီး ကျန်(၄)ဦးက အသက်မပြည့်တဲ့ ကလေးတွေဖြစ်တဲ့အတွက် သက်ဆိုင်ရာမိဘတွေကို ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။ မိတ်ဖက်အဖွဲ့အစည်းတွေက မဝင်ရသတ်မှတ်ထားတဲ့လမ်း မဝင်ဖို့တားတာနဲ့ ပတ်သက်ပြီး ထိုးကြိတ်တဲ့အတွက် ယာဉ်ထိန်းရဲဝင်ပြီး ဖြန်ဖြေ ဆွဲတဲ့အခါမှာ ယာဉ်ထိန်းကိုပါ ရန်ပြုတဲ့အတွက် ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူထားတယ်လို့ ဒုတိယရဲမှူးကြီးမျိုးအောင်က ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းသင်္ကြန်နဲ့ပတ်သက်ပြီး သင်္ကြန်ပွဲတော်အကြိုကာလလုံခြုံရေး၊ ကျင်းပနေစဉ်လုံခြုံ ရေး၊ ကျင်းပပြီးကာလလုံခြုံရေးအပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးကျုံးပတ်လည်နဲ့ မန္တလေးမြို့ပေါ်သင်္ကြန်မဏ္ဍပ်များ လုံခြုံရေးတာဝန်ကို ကွပ်ကဲ(၁၆)နေရာ၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိထ္တီလာ၊ မြင်းခြံ၊ ညောင်ဦး၊ ရမည်းသင်းခရိုင်တွေမှာရှိတဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ အရာရှိနှင့်အခြားအဆင့်တွေနဲ့ လုံခြုံရေးတာဝန်များ ဆောင်ရွက်ခဲ့ပြီး သင်္ကြန်ကာလအတွင်းနိုင်ငံခြားဧည့်သည်တွေ သံတမန်တွေ ဝင်ထွက်တဲ့ နေရာတွေမှာလည်း လုံခြုံရေးဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။


 

Related News