အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်ကဦးစီးပြီး မဲခေါင်-ဂျပန်ချစ်ကြည်ရေး (၁၀)နှစ်ပြည့်အထိမ်း အမှတ်အဖြစ် ”မဲခေါင်အလှ”ပန်းချီပြပွဲနဲ့ ပန်းချီပြိုင်ပွဲဆုချီးမြှင့်ပွဲကို  မေလ(၂၂)ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာပြုလုပ်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်စီစဉ်ကျင်းပတာဖြစ်သလို ပြည်တွင်းမှ ပန်းချီပညာရှင်တွေရဲ့ အရည်အချင်းကို ဖော်ထုတ်ပေးခြင်း၊ မဲခေါင်ဒေသရဲ့ရိုးရာဓလေ့တွေကို ပြည်သူတွေသိရှိစေခြင်း၊ပန်းချီလောကကို ပြန်လည် ဖော်ထုတ်ပေးခြင်းစတာတွေအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့လမ်းညွှန်ချက်အရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ပေးအပ်မှုကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတ က္ကသိုလ်ကဦးဆောင်ပြီး နိုင်ငံတော်အဆင့်ပြပွဲအဖြစ် ကျင်းပခဲ့တာဖြစ်ပါတယ်။ “မဲခေါင်အလှ”ပန်းချီပြပွဲမှာ ပြည်တွင်းမှာရှိတဲ့ ၀ါရင့်ပညာရှင်ကြီးများ၊နိုင်ငံတကာမှာ အောင်မြင်ထင်ရှားနေတဲ့ ပန်းချီပညာရှင်များ၊အနုပညာအထက်တန်းကျောင်းနဲ့ အနုပညာတက္ကသိုလ်ရှိ ဆရာ ၊ဆရာမများနဲ့ ကျောင်းဆင်း ကျောင်းသားဟောင်းများ၊ လူငယ်ပန်းချီပညာရှင်များက ပါဝင်ပြသခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံကိုယ်စားပြု တိုကျိုအနုပညာရှင်များရဲ့ ပန်းချီပန်းပုလက်ရာများ၊ ယွန်းထည်လက်မှုအနုပညာများ၊မဲခေါင်ဒေသနိုင်ငံများ ဖြစ်ကြတဲ့ ကမ္ဘောဒီးယား၊လာအို၊ထိုင်း၊ဗီယက်နမ် နိုင်ငံများမှ ဓာတ်ပုံနဲ့ပန်းချီလက်ရာများကိုပြသခဲ့ တာဖြစ်ပါတယ်။ဒါ့အပြင် “မဲခေါင်အလှ”ပန်းချီပြိုင်ပွဲမှာ ဆုရရှိခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေရဲ့  ပန်းချီကားများကိုလည်း ပြသခဲ့တာဖြစ်ပါတယ်။

“မဲခေါင်အလှ”ပန်းချီပြပွဲမှာတော့ ပြည်တွင်း၊ပြည်ပမှ ပန်းချီပညာရှင်တွေရဲ့ ပန်းချီကားပေါင်း(၉၀)ကို ပြသထားတာဖြစ်ပြီး ဒီပြပွဲကို မေလ(၂၂)ရက်မှ (၂၈)ရက်ထိ  ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာပြသနေတာဖြစ်ပါတယ်။“မဲခေါင်အလှ”ပန်းချီပြပွဲ ပြိုင်ပွဲ နဲ့ ဆုချီးမြှင့်ပွဲအခမ်းအနားကိုတော့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ၊မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့ တာဝန်ရှိသူများ၊ ပြည်တွင်း၊ပြည်ပမှ ပန်းချီပညာရှင်များတက်ရောက်ခဲ့ကြပါတယ်။ 

 

Related News