တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်ရဲ့ နှုတ်ဆက် ညစာစားပွဲကို မေလ(၂၁)ရက် ညပိုင်းက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို သံအမတ်ကြီး မစ္စတာဟုန်လျန်နဲ့ ဇနီး၊ ပြည်တွင်းက တရုတ်ကုန်သည်လုပ်ငန်းရှင်တွေ၊ မြန်မာပြည်ဖွားတရုတ်လူမျိုးတွေ တက်ရောက်ခဲ့ကြပါတယ်။ သံအမတ်ကြီးရဲ့ နှုတ်ဆက်စကားမှာတော့ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေအနေနဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး အတွက် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့နဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကို အမှတ်ရနေမှာဖြစ်ပြီး ရှေ့ဆက်ထမ်းဆောင်ရမယ့် လုပ်ငန်း ခွင်မှာလည်း တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် တက်စွမ်းသမျှ ဆက်လက် ဆောင်ရွက်သွားပါ့မယ်လို့လည်း သံအမတ်ကြီးက ဆက်ပြောပါတယ်။မစ္စတာဟုန်လျန်ဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးအဖြစ် ရက်ပေါင်း(၁၃၀၀)ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီကာလအတွင်း မဟာဗျူဟာမြောက်တဲ့ တရုတ်-မြန်မာ ဆက်ဆံရေးအတွက် တိုင်းနဲ့ပြည်နယ် (၁၄)ခုကို လေယာဉ်ခရီးစဉ်ပေါင်း (၄၀၀)ကျော် ၊ ကုန်းလမ်းကနေ ကီလိုမီတာ (၂) သိန်းကျော် ခရီးနှင်ခဲ့ကြောင်းလည်း ပြောပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဆောင်ရွက်နေကြသူတွေကို အသိအမှတ်ပြုဂုဏ်ပြုကြောင်းနဲ့ လက်ရှိမှာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတွေက တိုးတက်ကောင်းမွန်လျက်ရှိပြီး မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကြားမှာ ပိုပြီးကောင်းမွန်တဲ့ အခြေအနေတွေရှိနေပြီဖြစ်ကြောင်းလည်း သံအမတ်ကြီးကပြောပါတယ်။မစ္စတာ ဟုန်လျန်ဟာ ၂၀၁၅ ခုနှစ် ဇူလိုင်လ(၁၇)ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ရဲ့ သံအမတ်ကြီး အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ သံအမတ်ကြီး အဖြစ် တာဝန်မထမ်းဆောင်ခင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ ဦးစီးဌာနရဲ့ ဒုတိယညွှန်ကြား ရေးမှူးချုပ် တစ်ဦးလည်းဖြစ်ပါတယ်။ 

 

 

Related News