လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှာ ခုတင် ၂၅၀ ဆံ့မယ့် တိုးချဲ့လေးထပ်ဆောင်အသစ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အပြီးသတ် ဆောက်လုပ်နေတယ်လို့ ဆေးရုံအုပ်ကြီးက အတည်ပြုပြောကြားလိုက်ပါတယ်။ လှိုင်သာယာမြို့နယ်မှာ လူဦးရေ ထူထပ်လာတာနဲ့အမျှ လာရောက်ပြသတဲ့ လူနာဦးရေမြင့်တက်လာလို့ လှိုင်သာယာဆေးရုံကြီးမှာ ဆေးရုံကြီး တိုးချဲ့လေးထပ်ဆောင်အသစ် ထပ်မံဆောက်လုပ်နေတာဖြစ်ပါတယ်။ 

ဒီအဆောင်မှာ ခုတင် ၂၅၀ ပါဝင်မှာဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်အရ ကျပ်သန်းသုံးထောင် ဘတ်ဂျက်နဲ့ ဆောက်လုပ်နေတာဖြစ်ပါတယ်။ အရင်က လှိုင်သာယာဆေးရုံကြီးမှာ အရေးပေါ်လူနာလက်ခံဌာန နဲ့ အထူးကုပြင်ပလူနာဌာန တွဲလျက်ဖြစ်နေတာကြောင့် လူနာတွေ စုပြုံတိုးတာ၊ အခန်းကျပ်တာတွေ ကြုံတွေ့နေရတယ်လို့သိရပါတယ်။ ဒါကြောင့် အထူးကုပြင်ပလူနာဌာနကို ခွဲထုတ်ပြီး အဆောင်အသစ်မှာ ထားရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်ခန်းလေးခန်းကိုလည်း အဆောင်သစ်မှာ ထည့်သွင်းမှာဖြစ်ပြီး ဓာတ်မှန်ရိုက်တာ၊ အာထရာဆောင်းရိုက်တာနဲ့ နဲ့ CT Scan တွေ ဖတ်ဖို့ သီးသန့်တစ်ခန်းထားရှိမယ်လို့ သိရပါတယ်။

တိုးချဲ့လေးထပ်ဆောင်အသစ် ဆောက်လုပ်ပြီးစီးရင် သားဖွားမီးယပ်အဆောင်နဲ့ မွေးကင်းစကလေးလူနာအဆောင်ကိုလည်း အရင်ဆေးရုံနေရာကနေ ခွဲထုတ်ပြီး သီးသန့်ထားပေးမှာဖြစ်ပါတယ်။ အဆောင်အသစ်မှာ ဆေးကုသရေးလုပ်ငန်းတွေ ချက်ချင်းဆောင်ရွက်နိုင်ဖို့လည်း ပြင်ဆင်ထားတယ်လို့သိရပါတယ်။လှိုင်သာယာပြည်သူ့ဆေးရုံကြီးကို နေ့စဉ်အရေးပေါ်လူနာဦးရေ ငါးဆယ်ကနေ တစ်ရာအကြားဝင်လေ့ရှိပြီး တစ်လကို လူနာဦးရေ ခုနစ်ထောင်ကျော်ဝင်ရောက်တယ်လို့သိရပါတယ်။ လူနာအများစုကတော့ ကားအက်စီးဒင့်ဖြစ်တာ၊ မီးလောင်တာဒါမှမဟုတ် ရဲအရေးပိုင်မှုခင်းကိစ္စတွေနဲ့ လာရောက်တဲ့ လူနာတွေဖြစ်တယ်လို့သိရပါတယ်။ 

 

Related News