ခွေးကိုက်ခံရတဲ့လူနာလက်ခံကုသရေးဌာန (Dog Bite Treatment Centre)တွေမှာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အရေပြားထဲသို့ ထိုးသွင်းကာ ထိုးနှံပေးမှာဖြစ်ပြီး ကာကွယ်ဆေးကို ချွေတာပေးနိုင်မယ်လို့သိရပါတယ်။အရင်က ခွေးကိုက်ခံရပြီဆိုရင် လူအများစုက ဆေးရုံကြီးတွေမှာ သွားရောက်ပြသပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးသွားရောက် ထိုးနှံလေ့ရှိပါတယ်။ဆေးရုံကြီးတွေကလည်း လူနာတွေကို ကာကွယ်ဆေးရဲ့ပထမအကြိမ်ကိုပဲ ထိုးနှံပေးလေ့ရှိပြီး လူနာနဲ့ နီးစပ်တဲ့ ကျန်းမာရေးဌာနတွေမှာ ကျန်တဲ့ကာကွယ်ဆေးအကြိမ်ရေ ထိုးနှံဖို့ လွှဲပြောင်းပေးပါတယ်။

ဒီလို အဆင့်ဆင့်လွှဲတဲ့စနစ်အရ ကျန်းမာရေး ဌာနတွေမှာ ခွေးကိုက်ခံရတဲ့ လူနာတွေကပြန့်ကျဲနေပြီး လူစုရမလွယ်တာကြောင့် လူတစ်ယောက်ကို ကာကွယ်ဆေးတစ်လုံးလုံး ထိုးနှံပေးရပါတယ်။   အခုနောက်ပိုင်းဖွင့်လှစ်တဲ့ စင်တာတွေမှာတော့ ခွေးကိုက်ခံရတဲ့လူနာတွေကိုပဲ တစုတစည်းတည်း လက်ခံကုသပေးနေတာကြောင့် ကာကွယ်ဆေးတစ်လုံးကို အရေပြားအောက်ထဲသို့ ထိုးသွင်းနည်းနဲ့ ကာကွယ်ဆေးတစ်လုံးကို လူနှစ်ယောက်ကျော်အထိ ထိုးနှံပေးနိုင်မယ်လို့ သိရပါတယ်။ ဒီလို အရေပြားအောက်ထဲသို့ ထိုးသွင်းနည်းက ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အရင်ကထက် ပိုမိုချွေတာပေးနိုင်တော့မှာပါ။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ရန်ကုန်မြို့ပေါ်က ဆေးရုံ(၄)ခုမှာ  Dog Bite Treatment Centre တွေ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ စင်တာတွေကိုတော့ ဆေးရုံကြီးတွေရဲ့ ပြင်ပလူနာလက်ခံဌာနမှာပဲ ထပ်ဆောင်းဖွင့်လှစ်ထားတာပါ။ ဒီစင်တာတွေမှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေကိုလည်း လေ့ကျင့်သင်ကြားပေးထားတာဖြစ်ပြီး ခွေးကိုက်ခံရတဲ့ လူနာတွေရဲ့ အချက်အလက်တွေကို သေချာသိမ်းဆည်းတာအပြင်၊ ကာကွယ်ဆေးလေးကြိမ်လုံးကို စင်တာမှာပဲထိုးနှံနိုင်မှာဖြစ်ပါတယ်။

(၂၀၁၈) ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  ခွေးကိုက်ခံရတဲ့လူနာဦးရေ တစ်သိန်းကိုးသောင်းကျော်ရှိနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

ဝန်ကြီးဌာနက (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်အတွက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် ခွေးရူးပြန်ရောဂါကုသမှု ပဋိပစ္စည်းတွေကို ကျပ်ငွေ (၅.၄)ဘီလီယံခန့် သုံးစွဲဝယ်ယူထားတယ်လို့သိရပါတယ်။ 

 

Related News