မန္တလေးမြို့ကျုံးအရှေ့ဘက်မှာ အစားအသောက်တွေ အခမဲ့ယူနိုင်တဲ့ အစားအသောက်သေတ္တာ Food Bank တစ်ခုကို ဇွန်လ(၁၀)ရက်က စတင်ထားရှိခဲ့ပါတယ်။ လတ်တလောလူသိများ စိတ်ဝင်စားလာသလို Food Bank ရေရှည်တည်တံ့ဖို့ အတွက် စိန်ခေါ်မှုတွေလဲ ရှိနေပါတယ်။မန္တလေးမြို့ကျုံးအရှေ့ဘက်က အစားသောက်အခမဲ့ယူလို့ရတဲ့ Food Bank စိတ်ကူးကို စတင်သူကတော့ ပရဟိတသမား တစ်ဦးဖြစ်တဲ့ ကိုဝမ်းပါ။ သူအခု Food Bank ထဲကို သွားရောက်ထည့်ထားပေးဖို့ ရေသန့်ဘူး၊ အချိုရည်နဲ့ မုန့်အချို့ကို ပြင်ဆင် ထုပ်ပိုးနေပါတယ်။ ပြီးရင်တော့ ကျုံးအရှေ့ဘက် ၆၆လမ်း ၊ ၂၂လမ်းနဲ့ ၂၃လမ်းကြားမှာရှိတဲ့ Food Bank ကို သွားမှာပါ။ ဒီ Food Bank ဟာ အရင်က အခမဲ့ဖတ်ရှုနိုင်တဲ့ စာအုပ်ဂျာနယ်ထားရှိတဲ့ပုံးကို အသုံးထားတာ ဖြစ်ပါတယ်။ အခု Food Bank မှာတော့ ယခင်ထည့်ထားတဲ့ အစားအသောက်တွေ ကုန်နေပါပြီ။ ကိုဝမ်းက FoodBank ကို တစ်ရက်တစ်ကြိမ် အစားအသာက် အချို့လာထည့်ပေးဖြစ်တယ်လို့ ဆိုပါတယ်။

Food Bank  စတင်ဖြစ်ခဲ့တာကတော့ လူငယ်တွေ ပရဟိတစိတ်ပိုရှိလာဖို့၊ လိုအပ်တဲ့သူတွေ စားသုံးနိုင်စေဖို့နဲ့ တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်တွေ စည်းကမ်းရှိစေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ စတင်ခဲ့တာလို့ ကိုဝမ်းက ပြောပါတယ်။အခုလို အစားအသောက်အခမဲ့ ရနိုင်တဲ့ Food Bank က လမ်းသွားလမ်းလာတွေနဲ့ ဆာလောင်သူ၊ နွမ်းပါးသူတွေအတွက် အထောက်အကူဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမှန်တကယ်လိုအပ်လို့ လိုသလောက်သာယူတဲ့သူရှိသလို စည်းကမ်းမဲ့ ယူတာ တွေလဲ ရှိနေပါတယ်။ အသေးအဖွဲကစလို့ လူတွေရဲ့ စိတ်ကိုအနည်းငယ်စီ ပြင်သွားနိုင်ရင် ကာလတစ်ခုမှာတော့ ပတ်ဝန်းကျင် ကောင်းတစ်ခု ဖြစ်လာမှာပါလို့ Food Bank ကို စားစရာလာလှူသူတစ်ဦးက သူရဲ့အမြင်ကို ပြောပါတယ်။

အခုဆိုရင် မန္တလေးကျုံးဘေးက Food Bankမှာ ရေသန့်၊ အချိုရေ၊ အသင့်စားမုန့်တွေ ဖြည့်ထားသလို ဂျာနယ်တွေနဲ့ စာအုပ်တွေကိုလည်း လာရောက်ထည့်ထားကြပါတယ်။ ဇွန်လ(၁၀)ရက်က စခဲ့တဲ့ FoodBankမှာ ရက်ပိုင်းအတွင်း စားစရာ လာလှူတဲ့ သူတွေတိုးလာသလို လာယူသူတွေလည်း ရှိပါတယ်။ စည်းကမ်းတကျနဲ့ အောင်မြင်မယ်ဆိုရင်တော့ အခုလို FoodBank တွေကို မန္တလေးကျုံးရဲ့ ကျန်တဲ့(၃)ဘက်မှာလည်း ထားသွားဖို့ ရည်ရွယ်ထားတယ်လို့ ကိုဝမ်းက ပြောပါတယ်။

အခုလို FoodBank တွေဟာ အခြားနိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တာကြာပြီဖြစ်ပေမယ့် ပြည်တွင်းမှာက အစဖြစ်တာကြောင့် အသစ်ဖြစ်နေသလို FoodBank တွေ ထပ်မံပေါ်ပေါက်ဖို့နဲ့ ပျောက်မသွားဘဲရေရှည်တည်တံ့ဖို့က လှူဒါန်းသူတွေရှိဖို့ လိုသလို အသုံးပြုသူတွေကလည်း စည်းကမ်းရှိစွာအသုံးပြုဖို့ လိုအပ်နေတာပဲဖြစ်ပါတယ်။

 

 

Related News