ရန်ကုန်မှာ စည်းကမ်းမဲ့လမ်းဖြတ်ကူးသူတွေကို လတ်တလောအရေးယူဆောင်ရွက်ခြင်းမရှိသေးဘဲ ပညာပေးလုပ်ငန်းများသာ ဆောင်ရွက်နေတာဖြစ်ပြီး သတ်မှတ်ကာလတစ်ခုရောက်ရင်တော့ အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောကြားလိုက်ပါတယ်။(၁၉၈၉)ခုနှစ် မော်တော်ယာဉ်နည်းဥပဒေပုဒ်မ(၁၇၈)မှာ ခြေလျင်လျှောက်သူတွေဟာ လမ်းဖြတ်ကူးလိုရင် သတ်မှတ်ထားတဲ့ လမ်းကျော်ခုံးတံတား၊ မျဉ်းကျား၊ မြေအောက်လမ်း(သို့) ခွင့်ပြုထားတဲ့နေရာ စတဲ့နေရာတွေကနေ ဖြတ်ကူးရမှာဖြစ်ပါတယ်။ ဒါ့အပြင် လမ်းပေါ်မှာ ကျွန်းရှိရင် ၎င်းကျွန်းပေါ်ကနေ တစ်ထောက်နားပြီး ယာဉ်သွားလာမှုရှင်းမှ ဆက်လက်ဖြတ်ကူးရမယ်လို့ ပြဋ္ဌာန်းထားတယ်လို့ သိရပါတယ်။ ဒီပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ပြီး စည်းကမ်းမဲ့လမ်းဖြတ်ကူးသူတွေကို လတ်တလောမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်ခြင်းမရှိသေးဘဲ ပညာပေးလုပ်ငန်းတွေကိုသာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အသိပညာပေးလုပ်ငန်းတွေအပြီး သတ်မှတ်ကာလတစ်ခုရောက်ရင် စည်းကမ်းမဲ့လမ်းဖြတ်ကူးသူတွေကို သတ်မှတ်ထားတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေအတိုင်း အရေးယူမှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။  လူကူးခုံးကျော်တံတားတွေတည်ဆောက်ထားတဲ့ နေရာတွေမှာ ခုံးတံတားပေါ်ကနေ လမ်းဖြတ်မကူးဘဲ  လမ်းပေါ်ကနေ စည်းကမ်းမဲ့ ဖြတ်သန်းသွားလာမှုကြောင့် ယာဉ်အသွားအလာအနှောင့်အယှက်ဖြစ်ခြင်း၊ လမ်းဖြတ်ကူးသူတွေကြုံတွေ့လာရမယ့် အန္တရာယ်တွေကနေ ကင်းဝေးစေဖို့ ပညာပေးလုပ်ငန်းများ၊ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့ အစီအစဉ်ရှိ/မရှိကို ဇူလိုင်လ(၈)ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် န၀မပုံမှန်အစည်းအဝေးမှာ  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက မေးမြန်းခဲ့လို့ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ 


ရန်ကုန်မှာ လူကူးခုံးကျော်တံတား ၁၄)ခုရှိပြီး လူကူးဂုံးကျော်တံတားရှိတဲ့နေရာအများစုမှာ (Guard Way)များ ကာရံတပ်ဆင် ထားလို့ လူတွေဟာ ဂုံးကျော်တံတားကနေ ဖြတ်သန်းသွားလာနေကြပြီး ယာဉ်အသွားအလာများ အနှောင့်အယှက် ဖြစ်ပေါ်ခြင်း မရှိပေမယ့် အချို့လူကူးခုံးကျော်တံတားတွေမှာ စည်းကမ်းမဲ့လမ်းပေါ်ကနေ ဖြတ်သန်းသွားမှုရှိနေတယ်လို့ သိရပါတယ်။ ဒီအတွက် အပတ်စဉ် မိုဘိုင်းယာဉ်အသုံးပြုပြီး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လူစည်ကားရာနေရာဖြစ်တဲ့ ကျောက်တံတား မြို့နယ်၊ အနော်ရထာ - ဆူးလေလူကူး ခုံးကျော်တံတား၊ ကမ်းနား - ပန်းဆိုးတန်း လူကူးခုံးကျော်တံတား၊ လသာမြို့နယ်၊ အနော်ရထာ- ရွှေတိဂုံဘုရားလမ်း လူကူးခုံးကျော်တံတားတွေမှာ စည်းကမ်းမဲ့လမ်းပေါ်က ဖြတ်ကူးမှုတွေကြောင့် ယာဉ်အသွားအလာများ အနှောင့်အယှက် ဖြစ်စေတာ၊ လမ်းကူးသူများယာဉ်အန္တရာယ်များပြားတာ၊ ယာဉ်မတော်တဆမှုဖြစ်ပွားတာတွေကနေ ကင်းဝေးစေရေး စည်းကမ်မဲ့လမ်းဖြတ်ကူးခြင်းမပြုဖို့ (၂၀၁၉) မေလကတည်းက အမှတ်(၇) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ တပ်ဖွဲ့ဝင်တွေအနေနဲ့ နေ့စဉ်ပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိစည်းကမ်းမဲ့လမ်းဖြတ်ကူးသူ (၄၀၀၀)ကျော်၊ အနှေးယာဉ်စီးနင်းသူ(၂၀၀)ကျော်တို့ကို အသိပညာပေးတာ၊ လက်ကမ်းစာစောင်များဖြန့်ဝေတာတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အခြားမြို့နယ်များရှိ လူကူးခုံးကျော် တံတားတွေမှာလည်း စည်းကမ်းမဲ့လမ်းဖြတ်ကူးခြင်းမရှိစေဖို့ လက်ကိုင်စပီကာများနဲ့ အများပြည်သူကို လူကူးခုံးကျော် တံတားကနေ လမ်းဖြတ်ကူးဖို့ အသိပေးလှုံဆော်တာ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကိုတာဝန်ချထားပြီး နေ့စဉ်ပညာ ပေးဆောင်ရွက်တာ၊ လမ်းကမ်းစာစောင်များ ဖြန့်ဝေတာတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
 

Related News