(၂၀၁၉)ခုနှစ် နှစ်စကနေ မေလကုန်ထိ (၅)လတာအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ မော်တော်ဆိုင်ကယ်နဲ့ ပတ်သက်ပြီး ယာဉ်တိုက်မှုပေါင်း(၂၆၀) ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၁၀၀)နီးပါးရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ မော်တော်ဆိုင်ကယ်နဲ့ပတ်သက်တဲ့ ယာဉ်တိုက်ခိုက်မှုတွေ၊ မော်တော်ဆိုင်ကယ်အသုံးပြုပြီး  ဒုစရိုက်မှုကျူးလွန်တာတွေများလာလို့  ဇူလိုင်(၁၁)ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးငြိမ်းချမ်းအောင်က မေးခွန်းမေးမြန်းခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုထားတဲ့ မြို့နယ်(၂)ခုမှအပ အခြားမြို့နယ်တွေမှာ တရားမဝင်မော်တော်ဆိုင်ကယ်စီးနင်းမှု မပြုလုပ်စေရေးထိန်းသိမ်းဆောင်ရွက်ဖို့ အစီအစဉ်ရှိ/မရှိနဲ့ မော်တော်ဆိုင်ကယ်နဲ့ပတ်သက်ပြီး ယာဉ်တိုက်မှုတွေ၊ ဒုစရိုက်မှုတွေ ဖြစ်ပွားမှုအခြေအနေတွေကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုထားတဲ့ မြို့နယ်ပေါင်း (၁၄)မြို့နယ်ရှိပြီး စီးနင်းခွင့်မပြုတဲ့ မြို့နယ်ပေါင်း (၃၁)မြို့နယ်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

မော်တော်ဆိုင်ကယ်တွေ စီးနင်းခြင်းမပြုစေရေးအတွက် ပညာပေးဟောပြောပွဲတွေမှာ ထည့်သွင်းဟောပြောထားပြီး လိုက်နာမှုမရှိတဲ့ မော်တော်ဆိုင်ကယ်စီးနင်းသူတွေကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နေတယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။ (၂၀၁၉)ခုနှစ် နှစ်စကနေ မေလကုန်ထိ (၅)လတာအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ မော်တော်ဆိုင်ကယ်နဲ့ပတ်သက်ပြီး ယာဉ်တိုက်မှုပေါင်း(၂၆၀) ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၁၀၀)နီးပါး၊ ဒဏ်ရာရရှိသူ(၃၀၀)ကျော်ရှိခဲ့တယ်လို့ လျှပ်စစ်၊စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ခရိုင်အလိုက် မော်တော်ဆိုင်ကယ်စီးနင်းခွင့်မပြုတဲ့ မြို့နယ်တွေကတော့  အရှေ့ပိုင်းခရိုင်မှာ(၁၄)မြို့နယ်၊ အနောက်ပိုင်းခရိုင်မှာ (၁၃)မြို့နယ်နှင့် မြောက်ပိုင်းခရိုင်မှာ(၄)မြို့နယ်ရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် တစ်နှစ်တာအတွင်း မော်တော်ဆိုင်ကယ်နဲ့ ပတ်သက်ပြီး ယာဉ်တိုက်မှုပေါင်း (၆၀၀)ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၈၀)ကျော်၊ ဒဏ်ရာရရှိသူ(၉၀၀)နီးပါးရှိခဲ့တယ်လို့သိရပါတယ်။

 

 

Related News