ဘင်းမ်စတက်စိုက်ပျိုးရေးကဏ္ဍရဲ့ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံကနေ အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ပထမအကြိမ် ဘင်းမ်စတက်စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများအစည်းအဝေးကို ဇူလိုင်လ(၁၂)ရက်က နေပြည်တော်မှာရှိတဲ့ Hilton ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူနဲ့ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် သံအမတ် Mr. Shahidul Islam (မစ္စတာချာဟီဒူ အစ်စလမ်) တို့က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ယခုအစည်းအဝေးမှာ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နိုင်ငံတွေအကြား နည်းပညာနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ဦးဆောင်လုပ်ငန်းတွေကို သက်ဆိုင်ရာလုပ်ငန်းတွေအလိုက် အကောင်အထည်ဖော်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ယခုအစည်းအဝေးကို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့က စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးတွေ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေ၊ အဆင့်မြင့်အရာရှိတွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်ကဏ္ဍအစရှိတဲ့ ကဏ္ဍ(၁၄)ခုကို ရွေးချယ်သတ်မှတ် ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေမှာ စိုက်ပျိုးရေးဟာ နိုင်ငံအသီးသီးရဲ့ စီးပွားရေးအတွက် အရေးပါတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒါ ကြောင့် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေကိုတိုးမြှင့်ဖို့ အပါအ၀င်စားနပ်ရိက္ခာနဲ့ အာဟာရဖူလုံရေးတို့အတွက် လိုအပ်တဲ့လူသားအရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးမှုနဲ့ စီမံကိန်းကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက ပြောပါတယ်။ဘင်းမ်စတက်စိုက်ပျိုးရေးဆိုင်ရာ ၀န်ကြီးများအစည်းအဝေး မပြုလုပ်မီ ဇူလိုင်လ(၁၁)ရက်က ဘင်းမ်စတက်စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိများအစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ၄င်းအစည်းအဝေးမှရရှိခဲ့တဲ့ ဆွေးနွေးချက်တွေနဲ့အကြံပြုချက်တွေကို ၀န်ကြီးများ အစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News