အခုနှစ်မိုးရာသီမှာ မန္တလေးကျောက်မျက်ရတနာဈေးကွက်မှာ ကျောက်အရောင်းအဝယ်ပုံမှန်အနေအထား အရောင်းအဝယ် ရှိနေတယ်လို့ မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးအကျိုးတော်ဆောင်ကော်မတီတာဝန်ရှိသူထံမှ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ဈေးကွက်တစ်ခုဖြစ်တဲ့ မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးကျောက်ဝိုင်းမှာ ကျောက်စိမ်း ကို အကြမ်းထည်ကနေ အချောထည်အထိဈေးကွက်တန်းဝင် ပြုလုပ်ရောင်းချနေတာဖြစ်ပါတယ်။ ဒီကျောက်ဝိုင်းရှိ အပွင့်ဝိုင်း၊ လွှာချပ်ဝိုင်း၊ လက်ကောက်ဝိုင်း၊ ဖြတ်စဝိုင်း၊ ပျံကျမီးထိုးဝိုင်း၊ မိုးကုတ်နီပြာဝိုင်းစတဲ့နေရာတွေမှာ ကျောက်နဲ့ပတ်သက်တဲ့ ပစ္စည်းအစုံ အရောင်းအ၀ယ် ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေက အရောင်းအဝယ်ကောင်းခဲ့ပေမယ့် အခုလက်ရှိ ဈေးကွက် အခြေ အနေကတော့ မိုးရာသီကို ရောက်ရှိလာတာကြောင့် အထည်မျိုးစုံအရောင်းအဝယ်မှာ ပုံမှန်သာရှိနေတယ်လို့ သိရပါတယ်။ 

ဒီလိုဈေးကွက် အနေအထားအေးနေတာဟာ ကုန်ကြမ်းဝင်ရောက်မှုနည်းပါးခြင်းနဲ့ အရည်အသွေး ကောင်းတဲ့ ကျောက်ရှားပါးလာ တာကြောင့် ဖြစ်တယ်လို့ မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအကျိုး တော်ဆောင်ကော်မတီ ပြန်ကြားရေး တာဝန်ခံ ဦးကျော်ကျော်ဦးက ပြောပါတယ်။မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးကျောက်ဝိုင်းမှာ အပွင့်၊ လွှာချပ်၊ လက်ကောက်၊ ပုတီး၊ ကျောက်စိမ်း ပန်းပုစတဲ့ ပစ္စည်းအစုံ အရောင်းအ၀ယ်ပြုလုပ်နေတာဖြစ်ပြီး နေ့စဉ် ကျောက်အရောင်းအ၀ယ် ပြုလုပ်သူဦးရေ နှစ်သိန်းနီး ပါး ရှိတယ်လို့ သိရပါတယ်။ ဒီကျောက်ဝိုင်းမှာ ပြည်တွင်းက ကျောက်မျက်ရတနာကုန်သည်တွေ၊ လုပ်ငန်းရှင်တွေအပြင် နိုင်ငံခြားသားတွေပါ လာရောက်ရောင်းဝယ်နေကြသော်လည်း ဈေးကွက်ဖော်ဆောင်မှုအနေနဲ့ တရုတ်နိုင်ငံဈေးကွက်ရဲ့ ၀ယ်လိုအားကို အဓိကထား ရောင်းချနေရတယ်လို့ သိရပါတယ်။မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးကျောက်ဝိုင်းဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးကျေက်မျက်ရတနာရောင်းဝယ်တဲ့ ကျောက်ဝိုင်းဈေးတစ်ခုဖြစ်ကာ ကျောက်ဝိုင်းမှာ ဆိုင်ခန်းပေါင်း (၁၁၀၀)ကျော်၊ ပျံကျခင်းဝိုင်း ဆိုင်ခန်းပေါင်း (၆၀၀)ကျော် စုစုပေါင်းဆိုင်ခန်း (၁၇၀၀)ကျော်ဖွင့်လှစ်ရောင်းချနေတယ်လို့ သိရပါတယ်။

 

 

Related News