ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အားကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့  ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ကြီးမှူးကျင်းပတဲ့ ဇာတ်ညွှန်းအနုပညာ ဟောပြောဆွေးနွေးပွဲကို ဇူလိုင်လ(၁၃)ရက်က ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် မြန်မာစာခန်းမမှာ ပြုလုပ်နေတာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲမှာ မျက်မှောက်ခေတ်လူငယ်များ စိတ်ဝင်စားနေတဲ့ ရုပ်ရှင်ဇာတ်ညွှန်းရေးနည်းကို အနောက်တိုင်းအယူအဆ၊ အရှေ့တိုင်းအယူအဆ နှစ်ဖက်မျှပြီး မြန်မာပရိသတ်နဲ့ကိုက်ညီတဲ့ ဇာတ်ညွှန်းပညာကို စနစ်တကျတတ်မြောက်စေဖို့နဲ့ မြန်မာစာပေအခြေခံ၊ မြန်မာစာ အရေးအသား ကျွမ်းကျင်သူတိုင်း ဇာတ်ညွှန်းပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်သည်အထိ တတ်မြောက်စေဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ဟောပြောဆွေးနွေးပွဲကို ဇာတ်ညွှန်း အကယ်ဒမီ (၃)ဆုရှင်၊ အမျိုးသားစာပေဆုရှင်၊ ဆရာငြိမ်းမင်းက ဦးဆောင်ဆွေးနွေးမှာဖြစ်ပါတယ်။ 

သင်တန်းကို ဇူလိုင်လ(၁၃)ရက်နဲ့ ဇူလိုင်လ(၁၄)ရက်တို့မှာ ပညာဒါနအဖြစ် ဟောပြောဆွေးနွေးတာဖြစ်ပါတယ်။ဇာတ်ညွှန်းအနုပညာဟောပြောဆွေးနွေးပွဲမှာ ဇာတ်ညွှန်းပိုင်းစိတ်ဝင်စားသူတွေနဲ့ မြန်မာစာကို ချစ်မြတ်နိုးသူတွေ အယောက် (၁၅၀)နီးပါးတက်ရောက်ခဲ့ကြပါတယ်။  

အဆိုပါ ဇာတ်ညွှန်းအနုပညာ ဟောပြောဆွေးနွေးပွဲ ပညာဒါနရဲ့ ကုန်ကျစရိတ်များကို Forever Group MRTV-4 မှ တာဝန်ယူ အကုန်ကျခံထောက်ပံ့ပေးထားတယ်လို့သိရပါတယ်။ယခုပြုလုပ်ခဲ့တဲ့ ဇာတ်ညွှန်းအနုပညာ ဟောပြောဆွေးနွေးပွဲကို ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်တာဖြစ်ပြီး လာမယ့် ဇူလိုင်လ(၂၀)ရက်နဲ့ ဇူလိုင်လ(၂၁)ရက်မှာလည်း မန္တလေးတက္ကသိုလ် မြန်မာစာဌာနမှာလည်း  ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

Related News