မန္တလေးမြို့မှာ လူငယ်နှင့်ဥပဒေဆိုင်ရာအထောက်အကူပြုရေး ပြည်သူ့စကားဝိုင်းကို ဇူလိုင်လ(၁၃)ရက်က အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူ့စကားဝိုင်းကို မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနက ဦးစီးကျင်းပ ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ အစိုးရနဲ့ ပြည်သူကြားအပြန်အလှန်မိမိတိုရဲ့ သဘောထားခံစား ချက်တွေကို တိုင်ပင်ဆွေးနွေးမှုတွေ ရရှိစေဖို့၊ စကားဝိုင်းတွေမှာ ကိုယ်တိုင်ပါဝင်ဆွေးနွေးခဲ့ပြီး ဒီကတစ်ဆင့် ကိုယ်တိုင်တွေးခေါ် ကြံဆမှုတွေရဖို့ စတဲ့ ဦးတည်ချက်နဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ယခုတစ်ကြိမ်စကားဝိုင်းမှာ လူငယ်တွေအနေနဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ အခြေခံအချက် အလက်တွေကို သိရှိစေဖို့၊ လူငယ်တွေမှာတွေ့ကြုံလာမယ့် အခက်အခဲ၊ စိန်ခေါ်မှုတွေကို ရဲရဲဝင့်ဝင့် ရင်ဆိုင်နိုင်စေဖို့အတွက် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုပြုလုပ်ခဲ့တဲ့ လူငယ်နှင့်ဥပဒေဆိုင်ရာအထောက်အကူပြုရေး ပြည်သူ့စကားဝိုင်းကို အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူ (၄၀၀)ကျော် တက်ရောက်ခဲ့ တယ်လို့ သိရပါတယ်။ ဒီစကားဝိုင်းမှာ ကျောင်းသားလူငယ်တွေကို မိမိကိုယ်ကို ကောင်းအောင် ကြိုးစားတဲ့ စိတ်ဓာတ်တွေ ရရှိစေမယ့် အချက်တွေ၊ ကျောင်းသား လူငယ်တွေနဲ့သက်ဆိုင်ပြီး စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အတွေးအခေါ်ဗဟုသုတတွေ၊ ဥပဒေနဲ့ပတ်သက်ပြီး သိရှိထားသင့်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနဲ့ မြို့နယ်(၇)မြို့နယ်အတွင်းက  ကျောင်းသားလူငယ်တွေအတွက် အသိပညာပေး စကားဝိုင်းဆွေးနွေးဟောပြောပွဲတွေ  ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News