ငယ်စဉ်ကဆေးထိုးမှားရာကနေ မသန်စွမ်းတစ်ဦးဖြစ်သွားခဲ့သူကတော့ ကိုကျော်သူဖြစ်ပါတယ်။ သူကတော့ မသန်စွမ်းတစ်ဦး ဖြစ်ခဲ့ပေမယ့် သူတတ်တဲ့ ဆံပင်ညှပ်ပညာနဲ့ ဘ၀ကိုကြိုးစားရုန်းကန်နေပါတယ်။မှော်ဘီမြို့နယ်၊ ၀ါးနက်ချောင်းကျေးရွာဇာတိဖြစ်တဲ့ ကိုကျော်သူကတော့ ငယ်စဉ်ဘ၀(၂)နှစ်သားအရွယ်ကတည်းက မမျှော်လင့်ပဲ မသန်စွမ်းဘ၀ကို ရောက်ရှိခဲ့တာပါ။ မိဘတွေက ကျပန်းအလုပ်လုပ်ကိုင်သူတွေဖြစ်ပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရချိန်မှာ ဆေးထိုးမှားယွင်းရာကနေ ဒီဘ၀ကို ရောက်ရှိသွားတာပါ။ မသန်စွမ်းတစ်ဦးဖြစ်တာကြောင့် သူငယ်ချင်းတွေရဲ့ စနောက်မှုတွေကြား ကြီးပြင်းလာခဲ့ရတဲ့ ကိုကျော်သူက ပညာရေးအနေနဲ့ တက္ကသိုလ်ဝင်တန်းအထိသာ တက်ရောက်ခဲ့ရတယ်လို့ သိရပါတယ်။ ပညာရေးမှာ အားနည်းခဲ့တဲ့ သူ့အနေနဲ့ ဘ၀ကိုဆက်လက် ရပ်တည်နိုင်ဖို့အတွက် ဦးလေးဖြစ်သူရဲ့ ချိတ်ဆက်ပေးမှုနဲ့ မသန်စွမ်းသူ တွေရဲ့ ဘ၀မြှင့်တင်နိုင်ရေးအတွက် ဆံသပညာသင်ကြား ပေးနေတဲ့ AAR ဂျပန်မသန်စွမ်းသူများအတွက် သက်မွေးလုပ်ငန်းပညာ သင်ကျောင်းကို ရောက်ရှိခဲ့ပြီး ဒီပညာရပ်ကို သင်ကြားခွင့်ရရှိခဲ့တယ်လို့ ကိုကျော်သူက ပြောပါတယ်။

သင်တန်းကျောင်းမှာ ဆံသပညာကို တက်ရောက်ခဲ့ရာမှာတော့ သူ့လိုဘ၀တူမသန်စွမ်းတွေနဲ့ ရင်းနှီးခွင့်ရတဲ့အတွက် စိတ်ဓါတ်ခွန် အားတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။ သင်တန်းဆင်းပြီး ဆံပင်ညှပ်တတ်ခါစမှာ အိတ်ထဲကိုပစ္စည်းတွေထည့်ပြီး မိုဘိုင်းလိုက် ညှပ်ရင်းနဲ့ ခက်ခဲမှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့်ကြာလာတဲ့အခါမှာ သူ့ပညာကို ယုံကြည်တဲ့သူများလာတာ ကြောင့် အဆင်ပြေလာခဲ့ပြီး(၂၀၁၆)ခုနှစ်မှာ ၀ါးနက်ချောင်းဈေးမှာ ဆံသဆိုင်လေးဖွင့်လှစ်ခဲ့ပြီး အခုဆိုရင် ကိုကျော်သူ့ဆိုင်က ဧည့်သည် မပြတ်တဲ့ ဆိုင်တစ်ဆိုင်ဖြစ်လာခဲ့ပါတယ်။ အဲဒီအထဲကမှ ကိုဝေလွင်ဖြိုးကတော့ ပုံမှန်အားပေးနေတဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

(၃)နှစ်ကျော်ကြာရှိနေပြီဖြစ်တဲ့ ကိုကျော်သူ့ဆိုင်မှာ သူ့လိုပဲ ဆေးထိုးမှားယွင်းရာကနေ မသန်စွမ်းတစ်ဦးဖြစ်သွားခဲ့တဲ့ ကိုသန်းကိုကိုအောင်ကိုလည်း လက်ထောက်အဖြစ် ခေါ်ယူထားပြီး နှစ်ဦးအပေးအယူမျှတစွာ ဘ၀ကိုရပ်တည်နေကြပါတယ်။ သူတို့နှစ်ဦးက ဆိုင်ပိုင်ဖြစ်ချင်တဲ့ ရည်မှန်းချက်ချင်းလည်းတူပြီး မသန်စွမ်းအချင်းချင်းလုပ်ကိုင်ရတဲ့အတွက် ကျေနပ်အားရမှုတွေ ရှိတယ်လို့ ကိုသန်းကိုကိုအောင်က ပြောပါတယ်။

လက်ရှိမှာ အသက်(၃၂)နှစ်ရှိနေပြီဖြစ်တဲ့ ကိုကျော်သူက မသန်စွမ်းတစ်ဦးဘ၀ကို နှစ်ပေါင်း(၃၀)ကြာရပ်တည်နေပြီး သူဝါသနာပါတဲ့ ဆံသပညာနဲ့ ဖြတ်သန်းပါတယ်။ ရလာတဲ့ဝင်ငွေတွေနဲ့ မိဘတွေကိုပုံမှန်ထောက်ပံ့ရင်း ကြိုးစားရုန်းကန်နေတဲ့ ကိုကျော်သူ့ဆိုင်ကတော့ တစ်ရက်ကို ၀င်ငွေကျပ်တစ်သောင်းခွဲခန့်ရရှိတယ်လို့ သိရပါတယ်။

 

 

Related News