ဇူလိုင်လ(၁၉)ရက်မှာ ကျရောက်မယ့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အလေးပြုအခမ်းအနားအတွက် ဝန်ကြီးများရုံးမှာ အကြို လေ့ကျင့်ရေးတွေ ဆောင်ရွက်လျက်ရှိပါတယ်။ဇူလိုင်လ ၁၇ ရက် မနက်ပိုင်းက ၀န်ကြီးများရုံးမှာ အာဇာနည်နေ့အလေးပြုအခမ်းအနားအတွက် အကြိုလေ့ကျင့်ရေးတွေ ဆောင်ရွက်ခဲ့ပါတယ်။ အလေးပြုအခမ်းအနားကို အစီအစဉ်လေးရပ်နဲ့ ပြုလုပ်မှာဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (ရန်ကုန်မြို့တော်ဝန်) တက်ရောက်အလေးပြုမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီး သော အာဇာနည်ခေါင်းဆောင်တွေအတွက် နှစ်မိနစ်ခန့် ငြိမ်သက်အလေးပြုပြီးတာနဲ့ ပါလီမန်နဲ့ လွှတ်တော်ခန်းမကို ဝင်ရောက် လေ့လာခွင့်ပြုမယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေစဉ်လုပ်ကြံခံရတဲ့ အခန်းကို ယခုနှစ်မှာ ဝင်ရောက်ကြည့်ရှုခွင့်ပြုမှာ မဟုတ်ပေမယ့် ကျဆုံးပြီးတဲ့အချိန်မှာ ကျန်ရစ်တဲ့ ပစ္စည်း (၂၈) မျိုးကို ဗွီဒီယိုကလစ်နဲ့ ပြသသွားမယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့အခန်းကို ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ ဘုရားခန်းအဖြစ် အသုံးပြုခဲ့ပြီး ယခုအချိန်မှာ ယခင်ပုံစံမပျက် ပြန်လည်ပြင်ဆင် တာတွေ ဆောင်ရွက်နေပါတယ်။ ကျည်ပေါက်ရာတွေကို ပြန်လည်ဖော်ထုတ်တာ၊ အခန်းပြင်ဆင်တာတွေလုပ်နေပြီး ၂၀၂၀ခုနှစ် နှောင်းပိုင်းမှာ လူတိုင်း ဝင်ကြည့်နိုင်မယ့် ပြခန်းတစ်ခုအဖြစ် ပြသသွားမယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်တို့လုပ်ကြံခံရတဲ့အခန်းကို ၂၀၁၇ ခုနှစ်က ဒုတိယသမ္မတဦးမြင့်ဆွေရဲ့ ညွှန်ကြားချက်အရ ဖွင့်လှစ်ပြသခဲ့ပြီး လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျဆုံးပြီးအချိန် ကျန်ရစ်တဲ့ ပစ္စည်းတွေ ပျောက်ရှ၊ ပျက်စီးအန္တရာယ်ရှိလို့ ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ လာမယ့်နှစ်မှာတော့ အမျိုးသားပြတိုက်ရဲ့အကူအညီနဲ့ ပြန်လည် ဝင်ရောက်ခွင့်ပေးမယ်လို့ သိရပါတယ်။ 

 

 

Related News