(၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တိုင်းဒေသကြီးအသီးသီးမှာ ဇူလိုင်(၁၉)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြပြီး ဖြစ်ပါ တယ်။ဇူလိုင်(၁၉)ရက်မှာကျရောက်တဲ့  (၇၂)မြောက်အာဇာနည်နေ့ နိုင်ငံတော်အဆင့်အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်မှာ ကျင်းပပြုလုပ်တာဖြစ်ပြီး ဒီနှစ် အာဇာနည်နေ့အခမ်းအနားမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်အတူ နိုင်ငံတော်အကြီးအကဲများ တက်ရောက်အလေးပြုခဲ့ကြပါတယ်။ အခမ်းအနားမစတင်ခင် အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့က ကိုယ်စားလှယ်တွေ၊ တရားသူကြီးတွေ၊ တပ်မတော် အရာရှိတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်နေရာယူကြပါတယ်။ (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နံနက်(၈)နာရီမှာ စစ်ရေးပြစစ်သည်လှုပ်ရှားနေရာယူမှုနှင့်အတူ စတင်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ (၇၂)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကိုလည်း မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ နိုင်ငံတကာသံအမတ်တို့က ဂါရဝပြုရန်နေရာယူ ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့  နိုင်ငံတော်အလံကို တိုင်တစ်ဝက်သို့ချပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီး တွေကို ငြိမ်သက်စွာအလေးပြုခဲ့ကြပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့နယ် ရှမ်းကန်ပတ်လမ်းက ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်ရှေ့မှာလည်း ပြည်သူအများက လာရောက် အလေးပြုခဲ့ကြပါတယ်။  ယခုမြင်တွေ့နေရတာကတော့ အာဇာနည်နေ့ကိုဂုဏ်ပြုသောအားဖြင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦးကို နေပြည်တော်ကောင်စီနယ်မြေထဲက ပြည်သူလူထု အများအပြားက လာရောက် ဦးညွှတ်အလေးပြုနေကြတဲ့မြင်ကွင်းပါ။ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဦးညွှတ်အလေးပြုရာမှာ အခြေခံပညာ အထက်တန်းကျောင်းက ကျောင်းသူ/ ကျောင်း သားတွေ၊ ဆရာ/ဆရာမတွေ၊  အပါအ၀င် နေပြည်တော်မှာရှိတဲ့ အသင်းအဖွဲ့အသီးသီးက တာဝန်ရှိသူတွေ တက်ရောက်အလေးပြုခဲ့ကြပါတယ်။

ဒါ့အပြင် အာဇာနည်နေ့အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လာရောက်လေ့လာသူအများအပြားရှိခဲ့ပါတယ်။ အာဇာနည်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို မနက် (၆)နာရီမှညနေ (၆)နာရီထိ ဖွင့်လှစ်ထားပြီး လာရောက် ကြည့်ရှုသူများနဲ့ စည်ကားခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အတွင်းမှာတော့ ပြတိုက်အောက်ထပ်မှာ ဧည့်ခန်းထမင်းစားခန်း ရှိပြီး အပေါ်ထပ်မှာတော့ အိပ်ခန်း၊ စာဖတ်ခန်း ကလေးများအိပ်ခန်းနဲ့ အထူးအစည်းအဝေးခန်းတို့ရှိပါတယ်။ ဒါ့အပြင် အာဇာနည်နေ့ ထူးခြားချက်အနေနဲ့ ဗိုလ်ချုပ်အသုံးပြုခဲ့တဲ့ သားရေသေတ္တာအတွင်းမှအ၀တ်အစားများကိုပါ ခင်းကျင်း ပြသခဲ့ပါတယ်။ ပြတိုက်အ၀င်လျှောက်လမ်း တစ်လျှောက်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများ၊ (၁၉၆၆)ခုနှစ်ထုတ် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ အကြွေစေ့များ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ စာပို့ခတံဆိပ်ခေါင်းများ၊ အာဇာနည်နေ့အထိမ်းအမှတ် အဖြစ် ထုတ်ဝေသော စာပို့ခတံဆိပ်ခေါင်းများကို ပြသခဲ့ပါတယ်။

အာဇာနည်နေ့အလေးပြုအခမ်းအနားကိုဝန်ကြီးများရုံးထဲမှာလည်း ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တော်ဝန်တက်ရောက်ခဲ့ပါတယ်။ အလေးပြုအခမ်းအနားပြီးတဲ့အချိန်မှာတော့ မနက်ကိုးနာရီကစပြီး ပြည်သူတွေကို ဝန်ကြီးများရုံးထဲ ဝင်ရောက်လေ့လာခွင့် ပြုခဲ့ပါတယ်။ ဝန်ကြီးများရုံးထဲမှာ တိုင်းပြုပြည်ပြုလွှတ်တော်ကို ကြည့်ရှုလေ့လာခွင့်ပြုထားပြီး ဗိုလ်ချုပ်တို့ကျဆုံးချိန်က ကျန်ရစ်တဲ့ ပစ္စည်း(၂၈) မျိုးကိုလည်း ဗီဒွီယိုကလစ်နဲ့ ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံ့ခေါင်းဆောင် တွေ အစည်းအဝေး လုပ်နေစဉ်လုပ်ကြံခံရတဲ့ အခန်းကို ဝင်ရောက်ကြည့်ရှုခွင့်ပြုခဲ့ပေမယ့် ဒီနှစ်များမှာတော့ ပစ္စည်းတွေပျောက်ရှ ပျက်စီးမှာ၊ အခန်းရဲ့ ကြံ့ခိုင်မှုအနေအထားစိတ်မချရတာတွေကြောင့် ဝင်ရောက်ကြည့်ရှုခွင့်မပြုထားပါဘူး။

(၁၉၄၇)ခုနှစ် ဇူလိုင်လ (၁၉)ရက်မှာ အာဇာနည် (၉)ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီးစ၀်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့ဟာ  ရန်ကုန်မြို့ဝန်ကြီးများရုံး၊ ယခင်အတွင်းဝန်များ ရုံးမှာ လုပ်ကြံခံခဲ့ရတာပါ။ ပြည်သူတွေအနေနဲ့  အာဇာနည် (၉)ဦးလုပ်ကြံခံခဲ့ရတဲ့ နံနက် (၁၀)နာရီ (၃၇)မိနစ်မှာ ဥသြဆွဲခြင်း၊ ကားများဟွန်းသံရှည်တီးခြင်းနဲ့ ငြိမ်သက်အလေးပြုခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

 

 

Related News