ရန်ကုန်ကိုရောက်နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဇူလိုင်(၁၈)ရက်က ကော့မှူး မြို့နယ်ကို သွားရောက်ခဲ့ပြီး ၀ါဆိုသင်္ကန်း ဆပ်ကပ် လှူဒါန်းတာနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင်သစ် ဖွင့်ပွဲ ကိုတက်ရောက်ခဲ့ပါတယ်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု၊ ဆင်ခြံကျေးရွာမှာရှိတဲ့ အောင်ဇမ္ဗူပရိယတ္တိစာသင်တိုက်ကို ဇူလိုင်(၁၈)ရက်မှာ သွားရောက်ခဲ့ပါတယ်။ ကော့မှူး သံအိုင်ကျေးရွာ၊ ခရစ်ယာန်အသင်းတော် တယောလူငယ်အဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဇာတိမာန်သီချင်းဖြင့် ကြိုဆိုနှုတ်ဆက်ပါတယ်။ အဲဒီနောက် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အောင်ဇမ္ဗူပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကေတုမာလာအား ဖူးမျှော်ပြီး ၀ါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် အဆိုပါကျောင်းတိုက်ဝင်းအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင်သစ်ဖွင့်ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေလိုက်ပါလာခဲ့ပါတယ်။ ဖွင့်ပွဲမှာ အလှူရှင်အသီးသီးက အခုစာသင်ကျောင်းနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် သန့်စင်ခန်း၊ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေ၊ ကျောင်းသုံးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကျောင်းဆောင်သစ်ကို လှည့်လည်ကြည့်ရှုခဲ့ပြီး ကလေးငယ်တွေနဲ့အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ အခုအောင်ဇမ္ဗူလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဆောင် ဟာ စာသင်ခန်း (၈)ခန်းပါတဲ့ RC နှစ်ထပ် ကျောင်းဆောင်သစ်ဖြစ်ပြီး ရွှေတောင်ဖောင်ဒေးရှင်းက လှူဒါန်းခဲ့ တာဖြစ်ပါတယ်။ ဒါဟာ ရွှေတောင်ဖောင်ဒေးရှင်းကလှူဒါန်းတဲ့ (၁၁၀)ခုမြောက် ကျောင်းဆောင်သစ်ဖြစ်ပါတယ်။ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်ဖြစ်ပါတယ်။

 

 

Related News