မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တံတားဦးမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ဇူလိုင်လ ၂၂ရက်က တံတားဦးမြို့နယ်အတွင်း ဈေးချိုကျေးရွာအုပ်စုမှာ ကျင်းပပြုလုပ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ဧရာဝတီမြစ်ရေအနေနဲ့ စိုးရိမ်ရေအမှတ် ၁၂၆၀ အထက်ကို ကျော်လွန်ခဲ့တာကြောင့် မန္တလေးတိုင်းဒေသကြီး အတွင်းက မြို့နယ်အချို့မှာရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းပြီး တံတားဦးမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါတယ်။ ပေးအပ်လှူဒါန်းပွဲကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူများတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ရေဘေးသင့်ပြည်သူတစ်သောင်းကျော်အတွက် ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့် စတာတွေကို တစ်ဦးချင်းအတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေး လုပ်ငန်းအနေနဲ့ ရေဘေးသင့်ပြည်သူတွေကို  ရေလွတ်တဲ့ နေရာတွေ၊ ဘုန်းကြီးကျောင်း၊ ဇရပ်၊ ဓမ္မာရုံ စတဲ့ နေရာတွေမှာ ခေတ္တနေထိုင်နိုင်အောင် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။အခုလက်ရှိမှာ၊ ဧရာဝတီမြစ်ရေဟာ မန္တလေးမှာ စိုးရိမ်ရေအမှတ် ၁၂၆၀ စင်တီမီတာ အထက်မှာ ရှိနေသေးတာဖြစ်ပြီး နံနက် ၉ နာရီခွဲတိုင်းတာချက်အရ ၁၂၇၃ စင်တီမီတာဖြစ်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

 

Related News