ဗဟန်းမြို့နယ်၊ဆရာစံမြောက်အရှေ့ပိုင်းမှာဖြစ်ပွားခဲ့တဲ့ အိမ်ရှင်မှ အသက်မပြည့်သေးတဲ့ အိမ်အကူ မိန်းကလေးကို အကြမ်းဖက်စော်ကားခဲ့မှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ဗဟန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့သိရပါတယ်။ အဲ့ဒီအမှုကို ကလေးသူငယ် လိင်အကြမ်းဖက် ခံရမှုအဖြစ်တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာစေဖို့ မြန်မာနိုင်ငံရှေ့နေများ အသင်းက အခကြေးငွေမယူပဲ အမှုကို တာဝန်ယူရှေ့နေလိုက်ပေးမယ်လို့ မြန်မာနိုင်ငံကလေးသူငယ် အခွင့်အရေးများ ဖွံဖြိုးတိုးတက်ရေးကွန်ယက်ဥက္ကဋ္ဌကပြောကြားလိုက်ပါတယ်။ အသက်(၁၃)နှစ်အရွယ် အိမ်အကူမိန်းကလေးကို အိမ်ရှင်အမျိုးသားက အကြိမ်ကြိမ် လိင်အကြမ်းဖက်စော်ကားခဲ့တာကြောင့် ဗဟန်းမြို့နယ်တရားရုံးမှာ ပြစ်မှုအမှတ်(၃၂၅)၊ ပုဒ်မ(၃၇၆)၊ ပြစ်မှုကြီးအမှတ် အခန်း(၃)နဲ့ အရေးယူဆောင်ရွက်နေဆဲဖြစ်ပါတယ်။

ဒါပေမယ့် တရားရုံးက ရုံးချိန်းအတွက် ဆင့်ခေါ်စာတွေကို မရရှိခဲ့တာကြောင့် တတိယအကြိမ်မြောက် ရုံးချိန်းမှသာ ကလေးမိခင်ဖြစ်သူ ဒေါ်တင်တင်ဦးက အမှုဖြစ်စဉ်အကြောင်းကို ထွက်ဆိုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အမှုဖြစ်စဉ်ကို ဗဟန်းမြို့နယ်ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပြီး လိင်အကြမ်းဖက် ခံရတယ်လို့ သက်သေပြနိုင်ဖို့ရဲမေတစ်ယောက်နဲ့အတူ  ဆေးစစ်ခဲ့ရပေမယ့် ဆေးစာကို အခုထက်ထိ မရရှိသေးဘူးလို့ မိခင်ဖြစ်သူ ဒေါ်တင်တင်ဦးက ပြောပါတယ်။ အမှုဖြစ်စဉ်နဲ့ရုံးချိန်းတွေကိုလည်း နားမလည်တဲ့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေကို အကူညီတောင်းခဲ့ရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ(၂၁)ရက်မှာစတုတ္ထအကြိမ်ရုံးချိန်း ခေါ်ဆိုသွားမှာဖြစ်ပြီး တရားခံမိသားစုက သိန်း(၄၀)နဲ့ အမှုပြီးပြတ်အောင် ကျေအေးပေးဖို့တောင်းဆိုတာတွေရှိခဲ့သလို အသက်အန္တရာယ်ကို ခြိမ်းခြောက်ထိပါးပြောဆိုတာတွေလည်းရှိတယ်လို့သိရပါတယ်။

Related News