ရနောင်းမြို့က အသက်(၁၆)နှစ်အရွယ် ထိုင်းမြန်မာ ကပြားမိန်းကလေးတစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့မြန်မာတွေအတွက် အယူခံဆက်တက်ဖို့ ပြင်နေပြီလို့ ဒီအမှုအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ FED အဖွဲ့ထံကသိရပါတယ်။ထိုင်းမြန်မာနယ်စပ်မှာ ဖြစ်တဲ့ ဒီအမှုအတွက် စွပ်စွဲခံမြန်မာလုပ်သားလေးဦးကို ထိုင်းတရား ရုံးက ပြီးခဲ့တဲ့ ဧပြီလ(၁၉)ရက်မှာ ထောင်ဒဏ်(၂)နှစ်ကနေ (၈)နှစ်အထိ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်တာဖြစ်ပါတယ်။ထိုင်းရဲ့ဥပဒေအရ ပြစ်ဒဏ်ချမှတ်ပြီး ရက်ပေါင်း (၃၀)အတွင်း အယူခံလွှာတင်ရမှာဖြစ်ပေမယ့် အယူခံလွှာ အတွက် အသေအချာ ပြင်ဆင်ချင်တာကြောင့် တစ်လရက်တိုးတောင်းခံမှာ ဖြစ်ပြီး လာမယ့် ဇွန်(၁၉)ရက်မတိုင်ခင် တင်ရမှာဖြစ်ပါတယ်။ဒီအမှုနဲ့ပတ်သတ်ပြီး မြန်မာလေးဦးထဲက အသက်(၁၈)မပြည့်သေးသူတွေဖြစ်တဲ့ မိုးဇင်အောင် ကို ထောင်ဒဏ်လေးနှစ်နဲ့ကျော်စိုးဝင်းကို ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ပြီး ကျန်တဲ့ဝေလင်းကို ထောင်ဒဏ်(၆)နှစ်နဲ့ စိန်ကတုံးကို ထောင်ဒဏ်(၈)နှစ်ချမှတ်ခဲ့ပါတယ်။

ထိုင်းဥပဒေအရ အသက်မပြည့်သေးသူတွေ ထောင်ဒဏ်ချမှတ်ခံရရင်အသက်ပြည့်ပါက ပြန်လည်လွတ်မြောက် ခွင့်ရှိပြီး လက်ရှိမှာထောင်(၂)နှစ်ချခံရတဲ့ကျော်စိုးဝင်းကတော့ ချုပ်ရက်နဲ့ ပြစ်ဒဏ်စေ့တာကြောင့် လွတ်မြောက်လာခဲ့ပြီး မိုးဇင်အောင်ကလည်း လာမယ့် ဒီဇင်ဘာလောက်မှာ အသက်ပြည့်မှာကြောင့် လွတ်မြောက်ဖို့ ရှိတယ်လို့ မိခင်ဖြစ်သူ ရဲ့ပြောပြချက်အရသိရပါတယ်။ရနောင်းအမှုဟာ အပြန်အလှန်ရုံးချိန်ပေါင်း (၇၄)ခုရှိခဲ့ပြီး အမှုစစ်ချိန် နှစ်နှစ်ခွဲ လောက် ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သတ်ပြီး ထိုင်းမျိုးရိုးဗီဇဆရာဝန်ကDNA မတူကြောင်း ပြောဆိုပေမယ့် ထိုင်းမှုခင်းဆရာဝန်ကတော့ လိပ်ကျွန်းအမှုလိုပဲ DNA တူတယ်ဆိုပြီး ထွက်ဆို ထားပါတယ်။ရနောင်းအမှုဟာ လိပ်ကျွန်းအမှုဖြစ်စဉ်အပြီးတစ်နှစ်အကြာမှာဖြစ်တာဖြစ်ပြီး ၂၀၁၅ စက်တင်ဘာ ၂၈ရက်က ထိုင်းမြန်မာ ကပြားအထက်တန်းကျောင်းသူအသတ်ခံရမှုနဲ့ပတ်သက်ပြီး အမှုဖြစ်ပြီး တစ်လအကြာမှာ မြန်မာလေးဦးကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

 

 

Related News