စက်တင်ဘာလ (၂)ရက်မှ စပြီး ရန်ကုန်မှမန္တလေးသို့သွားတဲ့ အမှတ်(၃)အဆန်အမြန်ရထားနဲ့ အမှတ်(၄)အစုန် အမြန်ရထားတွေကို ပြန်လည်ပြေးဆွဲပေးနေပြီလို့ မြန်မာ့မီးရထားကသိရပါတယ်။သြဂုတ်လ (၂၉)ရက် မနက်ပိုင်းက ဆွာဆည်တမံရေပိုလွှဲနံရံကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး ကုန်ကြီးဘူတာနဲ့ဆွာဘူတာကြားမှာရှိတဲ့ ရထားလမ်းပေါ်ကို ရေကျော်ခဲ့ပြီး မိုင်တိုင်အမှတ် (၁၉၀/၁၈-၂၄) ကြားမှာရှိတဲ့ တာဘောင်ရေတိုက်စားမှုပေါ်ပေါက်ခဲ့တာကြောင့် ရထားလမ်းပိုင်းပိတ်ဆို့ခဲ့ရပါတယ်။ ရထားလမ်းပိုင်းရေကျော်မှု ကြောင့် ရန်ကုန်ဘူတာကြီးမှ မန္တလေးကိုပြေးဆွဲ ပေးမယ့် အမှတ် (၅)အဆန်အမြန်ရထား၊အမှတ် (၃)အဆန် အမြန်ရထားနဲ့ နေပြည်တော်ကို ထွက်ခွာမယ့် အမှတ်(၇)အဆန် အမြန်ရထားတို့ကို သြဂုတ်လ(၂၉)ရက်မှာ ရပ်နားခဲ့တာဖြစ်ပါတယ်။

မနေ့က စက်တင်ဘာ (၂)ရက်ကစပြီး ရန်ကုန်-မန္တလေးလမ်းပိုင်းကို အမှတ်(၃) အဆန်အမြန်ရထားနှင့် အမှတ် (၄)အစုန်အမြန်ရထားများကို ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ပြန်လည်ပြေးဆွဲပေးနေတာဖြစ်တယ်လို့ မြန်မာမီးရထား၊မှ သိရပါတယ်။အခုပြေးဆွဲနေတဲ့ အစုန်/အဆန်အထူးရထား ရပ်တန့်ပေးမည့်ဘူတာတွေက ရန်ကုန်နဲ့ တောင်ငူကြားရှိ တိုးကြောင်ကလေး ၊ပဲခူး ၊ ဒိုက်ဦး ၊ ပြွန်တန်ဆာ၊ ညောင်လေးပင် ၊ပိန်းဇလုတ် ကျောက်တံခါး ၊ ပဲနွယ်ကုန်း ၊ကညွတ်ကွင်း ၊ ဖြူး ၊ ဇေယျ ဝတီဘူတာတွေ ဖြစ်တယ်လို့သိရပါတယ်။

မြန်မာ့မီးရထားအနေနဲ့ ရန်ကုန်နှင့် မန္တလေး ခရီးဆုံးဘူတာတွေကို  သွားရောက်လိုတဲ့ ခရီးသည် များပြားလာတာကြောင့် ပြည်သူများသွားလာမှုအဆင်ပြေစေရေးအတွက် ရထားခရီးစဉ် တိုးချဲ့ပြင်ဆင် ပြေးဆွဲ ပေးနေတာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် သြဂုတ်လ (၃၁)ရက်က စတင်ပြေးဆွဲခဲ့တဲ့ အမှတ်(၁၁)အဆန်၊အမှတ်(၁၂) အစုန် (ရန်ကုန်-မန္တလေး) အမြန်ရထားများနှင့် ပျဉ်မနားနဲ့ မန္တလေးကို ပြေးဆွဲနေတဲ့  အစုန်/အဆန်အထူးရထားတွေကိုတော့ အရင် အတိုင်း ဆက်လက် ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

 

 

Related News