ငွေစုမဲလိမ်လည်မှုတွေဟာ ရန်ကုန်တိုင်းဒေသကြီး တစ်ခုထဲမှာတင် ငွေကျပ် (၂)ဘီလီယံနီးပါးရှိနေတယ်လို့ သိရပါတယ်။ ယနေ့ခေတ်မှာ ငွေစုဖို့စုဘူး၊ ဘဏ်စာအုပ်၊ MPU ကဒ်တွေစတဲ့ပုံစံအမျိုးမျိုးနဲ့ မိမိတစ်ဦးတည်းစုတဲ့ သူတွေရှိကြသလို ခင်မင်ရင်းနှီးရာ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေနဲ့အများစုပေါင်းပြီး ငွေစုမဲတွေအဖြစ် ငွေစုတာတွေဟာလည်း ခေတ်စားနေတာပါ။ ငွေစုမဲဆိုတာကတော့ ငွေစုသူ(၅)ဦး(၁၀)ဦးစသဖြင့် စုပေါင်းပြီး သတ်မှတ်ငွေပမာဏနဲ့ တစ်ရက်၊တစ်ပတ်၊တစ်လ စတဲ့ သတ်မှတ်အချိန်အတိုင်း ငွေထည့်ဝင်ကာ မဲနှိုက်ပြီး အလှည့်ကျယူရတာဖြစ်ပါတယ်။ ငွေစုသူတွေအနက် နံပါတ်အမှတ်စဉ်အလိုက် နံပါတ်စောရသူက ငွေစုမယ့်ပမာဏကို အရင်စောရကာ လိုရာသုံးစွဲကြတာဖြစ်ပါတယ်။ ဒီလိုငွေစုပုံစံဟာ အချင်းချင်းနားလည်မှု၊ ယုံကြည်မှု၊ သဘောတူညီမှု တွေနဲ့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အများပြည်သူတွေအကြားခေတ်စားလာသလို အခုအခါမှာ ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ကာ ငွေကြေးလိမ်လည်မှုတွေပြုလုပ်လာကြပြီး မှုခင်းတွေလည်း ဖြစ်ပွားနေပါတယ်။

တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအနက် ရန်ကုန်တိုင်းဒေသကြီးတစ်ခုထဲမှာတင် ဒီလိုငွေစုမဲကနေ ငွေကြေးလိမ်လည်မှုတွေအနေနဲ့ ငွေကျပ်(၂)ဘီလီယံနီးပါးရှိနေတယ်လို့သိရပါတယ်။ဒီငွေကျပ်(၂)ဘီလီယံနီးပါးကို လိမ်လည်သူတရားခံ၊တရားပြိုင်ဦးရေ(၅၇)ဦးက လိမ်လည်ခဲ့တာဖြစ်ပြီး အမှုပေါင်း(၇၆)မှု ကို အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီအမှုတွေမှာ လူကိုယ်တိုင်ငွေစုမဲလိမ်လည်မှုနဲ့ အင်တာနက်ပေါ်ကနေ ငွေစုမဲလိမ်လည်မှု နှစ်မျိုးပါဝင်ခဲ့တာပါ။လူကိုယ်တိုင်စုမဲလိမ်လည်မှုငွေ ကျပ်သိန်း(၆၀၀)ကျော်ရှိပြီးအင်တာနက်ပေါ်ကနေငွေစုမဲလိမ်လည်မှုငွေက ကျပ်(၁.၇)ဘီလီယံကျော်ထိရှိခဲ့တာဖြစ်ပါတယ်။

ဒါဟာရန်ကုန်တိုင်းဒေသကြီးတစ်ခုမှာတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်တွင်းက နေရာတော်တော်များများမှာ ခုလိုငွေစုမဲအဖြစ် ပုံစံမျိုးမျိုးနဲ့လုပ်ကိုင်နေကြတာကိုလည်း ခပ်စိပ်စိပ်မြင်တွေ့နေရတာလည်းဖြစ်ပါတယ်။ ဒီလိုငွေစုမဲကိစ္စရပ်များနဲ့ပတ်သက်လို့ မှုခင်းများမဖြစ်ပွားစေရေး ပြည်သူများအနေနဲ့ သတိပြုဆင်ခြင်သင့်ကြောင်းကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် သတင်းမီဒီယာများမှ တစ်ဆင့် အသိပညာပေးဖော်ပြတာတွေကို သက်ဆိုင်ရာဌာနတွေက လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

တားမြစ်ပြဋ္ဌာန်းချက်မရှိပေမယ့် တိုင်ကြားမှုတွေရှိရင် ဆက်သွယ်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေတို့အရ အရေးယူနိုင်တယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးကပြောကြားထားပါတယ်။ အများပြည်သူအနေနဲ့ လူကိုယ်တိုင်ဒါမှမဟုတ် အင်တာနက်စာမျက်နှာတွေကတစ်ဆင့် ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေတွေ့ရှိရင်လည်း တရားဝင်ခွင့်ပြုထားတဲ့ အဖွဲ့အစည်း ဟုတ်/မဟုတ် လုပ်ပိုင်ခွင့် ရှိ/မရှိ တို့ကို စုံစမ်းပြီးမှသာ ဆက်သွယ်ဆောင်ရွက်ကြဖို့ အသိပေးနှိုးဆော်တာတွေကို သက်ဆိုင်ရာဌာနတွေက လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

 

 

Related News