မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ (၂၀၁၇) ခုနှစ် AFF U-18 Youth Championship ပြိုင်ပွဲ အုပ်စု (B)ရဲ့ ရမှတ်အများဆုံးအသင်းတွေဖြစ်တဲ့ ဗီယက်နမ်အသင်း၊ မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ဖို့အခွင့်အရေးကိုယ်စီရှိနေတာ ဖြစ်ပါတယ်။ (၂၀၁၇) ခုနှစ် AFF U-18 Youth Championship  ပြိုင်ပွဲရဲ့အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယနေ့မြန်မာစံတော်ချိန် (၃)နာရီအချိန်မှာ ဘရူနိုင်းအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီး ညနေ(၆)နာရီမှာတော့ အိမ်ရှင်မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အုပ်စု(B)မှာကျရောက်နေတဲ့ အသင်းတွေအနေနဲ့ အုပ်စုပြိုင်ပွဲပြီးဆုံးဖို့ တစ်ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ ဗီယက်နမ်အသင်းက တစ်ပွဲမှရှုံးနိမ့် ခြင်းမရှိခဲ့ပဲ ရမှတ်(၉)မှတ်၊ ရဂိုး (၁၆)ဂိုး၊ ပေးဂိုး(၁)ဂိုး၊ ဂိုးကွာခြားချက် (၁၅)ဂိုးနဲ့ အုပ်စုပထမနေရာမှာရပ်တည်နေပြီး၊ မြန်မာအသင်းက ရမှတ်(၆)မှတ်၊ ရဂိုး (၁၅)ဂိုး၊ ပေးဂိုး(၂)ဂိုး၊ ဂိုးကွာခြားချက်(၁၃)ဂိုးနဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။ 
 
အင်ဒိုနီးရှားအသင်းက ရမှတ်(၆)မှတ်၊ ရဂိုး(၁၁)ဂိုး၊ ပေးဂိုး(၄)ဂိုး၊ ဂိုးကွာခြားချက် (၇)ဂိုးနဲ့ မြန်မာအသင်းနဲ့ ရမှတ်တူခဲ့ပေမဲ့လည်း ဂိုးကွာခြားချက်ကြောင့် တတိယနေရာမှာသာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကိုရှုံးနိမ့်ခဲ့သလို၊ အင်ဒိုနီးရှားအသင်းကလည်း ဗီယက်နမ်အသင်းကိုရှုံးနိမ့်ထားခဲ့ပါတယ်။ ယနေ့မြန်မာစံတော်ချိန်နေ့လည် (၃)နာရီမှာယှဉ်ပြိုင်ကစားမယ့် ဘရူနိုင်းအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ပွဲစဉ်မှာ အင်ဒိုနီးရှားအသင်းဟာ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့အတွက် ဂိုးကွာခြားချက်များပြားဖို့ လိုအပ်နေတာကြောင့် သွင်းဂိုး (၈)ဂိုးလောက် သွင်းယူနိုင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ ပွဲစဉ်မှာလည်း မြန်မာအသင်းက အနိုင်ရရှိခဲ့မယ်ဆိုရင် ဗီယက်နမ်အသင်းနဲ့ ရမှတ်တူညီသွားမှာဖြစ်ပြီး၊ ဂိုးကွာခြားချက်ပါတူညီနေမယ်ဆိုပါက ထိပ်တိုက်တွေ့ဆုံမှု Head To Head စည်းမျဉ်းအရ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်မှာဖြစ်ပါတယ်။
 
မြန်မာအသင်းအနေနဲ့ ဗီယက်နမ်အသင်းကို သရေကျခဲ့ပြီး၊ တစ်ဖက်မှာအင်ဒိုနီးရှားအသင်းက ဘရူနိုင်းအသင်းကို အနိုင်ရရှိခဲ့ပါက အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ရမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတက်လှမ်းနိုင်ဖို့အတွက် မြန်မာအသင်းအနေနဲ့ ယခုပွဲစဉ်ကို မဖြစ်မနေအနိုင်ရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။မြန်မာစံတော်ချိန်နေ့လည် (၃) နာရီမှာယှဉ်ပြိုင်မယ့် ဘရူနိုင်းအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ပွဲစဉ်၊ မြန် မာစံတော်ချိန်ညနေ (၆)နာရီမှာယှဉ်ပြိုင်ကစားကြမယ့် အိမ်ရှင်မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ပွဲစဉ်တွေကို For SPORTS ရုပ်သံလိုင်းနဲ့ Pyone Play Facebook Page  တို့မှာ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
 
 

Related News