ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ အလွတ်တန်း(အမျိုးသား၊ အမျိုးသမီး) နဲ့ အသက်(၁၉)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို စက်တင်ဘာလ(၁၀)ရက်ကနေ စက်တင်ဘာလ(၁၉)ရက်ထိ ရန်ကုန်မြို့ အောင်ဆန်းမိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။

မျိုးဆက်သစ်ဘတ်စကက်ဘောအားကစားသမားတွေ ပေါ်ထွက်လာစေပြီး နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အထောက် အကူဖြစ်စေဖို့ အခုလို အလွတ်တန်း(အမျိုးသား၊ အမျိုးသမီး) နဲ့ အသက်(၁၉)နှစ်အထက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာ့ဘတ်စကက်ဘောလောက ဖွံ့ဖြိုးတိုးတက်စေဖို့လည်း အဓိကပါဝင်တာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ဒီနှစ်ပြိုင်ပွဲမှာ အမျိုးသားအလွတ်တန်း (၁၅)သင်း၊ အမျိုးသမီးအလွတ်တန်း(၈)သင်း၊ အသက်(၁၉)နှစ်အထက် အမျိုးသား (၈)သင်း ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး အသက်(၁၉)နှစ်အထက်မှာတော့ အမျိုးသမီးအသင်းတွေအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင် ချင်းမရှိဘူးလို့ သိရပါတယ်။ အခုပြိုင်ပွဲကနေတစ်ဆင့် ပြိုင်ပွဲဝင်ကစားသမားတွေရဲ့ အရည်အသွေးတွေကိုစောင့်ကြည့်ပြီး နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အဆင့်ဆင့်ရွေးချယ်သွားမယ်လို့ သိရပါတယ်။

အရင်နှစ်တွေက အမျိုးသားတံခွန်စိုက်ပြိုင်ပွဲအနေနဲ့ နှစ်စဉ်ကျင်းပခဲ့ပြီး ၂၀၁၇ခုနှစ်ကစတင်ကာ နိုင်ငံခြားသားကစားသမားတွေပါ ၀င်ရောက်ယှဉ်ပြိုင်နိုင်စေဖို့ MBF Championship Cup အနေနဲ့ ပြောင်းလဲကျင်းပခဲ့တယ်လို့ သိရပါတယ်။ 

 

 

 

Related News