ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာကျင်းပပြုလုပ်မယ့် (၂၀၂၀) အိုလံပစ်ပြိုင်ပွဲ၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကိုဝင်ရောက် ယှဉ်ပြိုင်ခွင့်အတွက် ပထမအဆင့်ခြေစစ်ပွဲစဉ်တွေမှ အုပ်စု (C) ရဲ့ပွဲစဉ်တွေကို မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မြန်မာလက်ရွေးစင်အမျိုးသမီး အသင်းအနေနဲ့ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အိုလံပစ်ပြိုင်ပွဲ၊ ခြေစစ်ပွဲပထမအဆင့်ရဲ့ အုပ်စု(C)မှာပါဝင်ပြီး  ဘင်္ဂ လားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

အုပ်စု(C)ရဲ့ အုပ်စုအဖွင့်ပွဲ စဉ်တွေကို နိုဝင်ဘာလ(၈)ရက်က စတင်ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ နေ့လည်(၃) နာရီမှာယှဉ်ပြိုင်ကစားခဲ့တဲ့ အိန္ဒိယနဲ့ နီပေါအသင်းတို့ပွဲစဉ်မှာ (၁)ဂိုးစီသရေရလဒ်နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ ညနေ(၆) နာရီအချိန်မှာတော့ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနဲ့ ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန် မာအသင်းဟာ ၀င်းသိင်္ဂီထွန်း၊ ခင်မိုးဝေ၊ လီလီလိုင်၊ ရီရီဦးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ(၅)ဂိုးပြတ်နဲ့  နိုင်ပွဲရရှိခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ လက်ရှိအုပ်စုအဆင့်ရပ်တည်မှုမှာ အဆင့်(၁)နေ ရာမှာရှိနေပေမယ့် နောက်တစ်ဆင့်ကိုအုပ်စုပထမနဲ့တက်ရောက်နိုင်ဖို့ လာမယ့်ပွဲစဉ်တွေမှာလည်း ရလဒ် ကောင်းတွေဆက်တိုက်ရယူနိုင်ဖို့လိုအပ်နေပါတယ်။

လက်ရှိမှာယှဉ်ပြိုင်ကစားနေတဲ့ ခြေစစ်ပွဲပထမအဆင့်မှာ အုပ်စု(၅)ခုကစားနေတာဖြစ်ပြီး အုပ်စုတစ်ခုစီမှအသင်း(၂)သင်းစီဟာ ဒုတိယအဆင့်ခြေစစ်ပွဲကို တက်ရောက် ခွင့်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ လာမယ့်နိုဝင်ဘာလ(၁၁)ရက် ညနေ(၆)နာရီအချိန်မှာ နီပေါအသင်း၊ နိုဝင်ဘာလ(၁၃)ရက်မှာ အိန္ဒိယအသင်းတို့နဲ့ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ လက်ရှိမှာကျင်းပနေတဲ့ အိုလံပစ် ပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲ ပွဲစဉ်တွေကို ပရိသတ်တွေအတွက် အခမဲ့ဝင်ရောက်ကြည့်ရှုအားပေး ခွင့်ပြုထားပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနဲ့ ဘင်္ဂလားဒေ့ရှ်အသင်းတို့ပွဲ စဉ်မှာ ပရိသတ်အရေအတွက် (၁၃၀၀) ကျော်ဝင်ရောက်ကြည့်ရှု့ခဲ့တယ်လို့သိရပါတယ်။

 

 

 

Related News