ကစားသမားတစ်ဦးကို တစ်နှစ်စာအမေရိကန်ဒေါ်လာ(၁၂၀)ကျသင့်မယ့် ဘောလုံးသင်တန်းကျောင်းတွေကို ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ မြန်မာနိုင်ငံမှာ ယခုနှစ်အတွင်း လာရောက်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ဂျပန်နိုင်ငံအခြေစိုက် Sports X Co,ltdရဲ့ ဒေါ်လာတစ်သန်းကျော်ရင်းနှီးမြုပ်နှံမှုနဲ့ မြန်မာနေရှင်နယ်လိဂ်တို့ အကျိုးတူပူးပေါင်းကာ အသက်(၄-၅)နှစ်အရွယ် ကျောင်းသား၊ကျောင်းသူတွေ တက်ရောက်နိုင်မယ့် ဘောလုံး သင်တန်းကျောင်းကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်ဟာ Sports X Co,ltdနဲ့ (၁၀)နှစ်တာ ပူးပေါင်းကာ Myanmar Japan Football Development Co.ltdကို တည်ထောင်မှာဖြစ်ပြီး ပထဆုံးစီမံကိန်းအနေနဲ့ မေလအတွင်း ရန်ကုန်မြို့မှာ ဘောလုံးသင်တန်းကျောင်း ဖွင့်လှစ်တော့မှာပါ။ ဒီသင် တန်းမှာ (၅)နှစ်မှ(၁၂)နှစ်အတွင်းရှိတဲ့ ကလေးငယ်တွေကို ဂျပန်မှ အတွေ့အကြုံရင့် နည်းပြတွေက သင်ကြား ပေးမှာဖြစ်ပြီး သင်တန်းကြေးအနေနဲ့ တစ်ဦးကို တစ်နှစ်စာအမေရိကန်ဒေါ်လာ(၁၂၀)နဲ့ တစ်လကို (၁၀)ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် Sports X Co,ltd ဟာ ဂျပန်၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ဘောလုံးသင်တန်း ကျောင်းတွေ ဖွင့်လှစ်ထားတာဖြစ်ပြီး သင်တန်းသား(၁၃၀၀၀)ကျော် တက်ရောက်နေတာပါ။ လက်မှတ်ရေးထိုး ထားတဲ့ စီမံကိမ်းသက်တမ်းအရ (၂၀၁၉)ခုနှစ်မှ (၂၀၂၉)နှစ်အထိ (၁၀)နှစ်တာ ကာလအတွင်း MNL Football Schoolတွေကို ရန်ကုန်မြို့အပြင် မန္တလေးနဲ့ တိုင်းနဲ့ပြည်နယ် မြို့ကြီးတွေမှာပါ ဖွင့်လှစ်နိုင်အောင် ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။ဒီသင်တန်းကျောင်းမှာ ဂျပန်နည်းပြတွေက အခြေခံဘောလုံးပညာ၊ စည်းကမ်းပိုင်း၊ နည်းစနစ်နဲ့ ပေါင်းသင်း ဆက်ဆံရေး စတဲ့ပညာရပ်တွေကို သင်ကြားပေးမှာဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာနည်းပြတွေကိုပါ ခန့်အပ်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

 

 

Related News