အင်ဒိုနီးရှားနိုင်ငံ ဆီမာရမ်မြို့မှာကျင်းပမယ့် (၁၁) ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာအားကစားအဖွဲ့ဟာ ဇူလှိုင်လ(၁၆)ရက်နေ့ ညနေပိုင်းက ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။

ဇူလိုင်လ(၁၇)ရက်ကနေ (၂၅)ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဆီမာရမ်မြို့မှာ ကျင်းပမယ့် (၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အားကစားနည်း(၅)ခုမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ယခုလို အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ရတာဟာ အခြေခံပညာအဆင့်ကနေ နိုင်ငံအတွက် မျိုးဆက်သစ်ကစားသမားအများအပြား ထွက်ပေါ်လာစေဖို့ ရည်ရွယ် ပြီး သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲမှာ အားကစားနည်း(၉)မျိုးပါဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံက ပြေးခုန်ပစ်၊ ဘောလီဘော၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ တင်းနစ်စတဲ့ ကစားနည်း(၅)ခုမှာ ၀င်ပြိုင်သွားမှာပါ။ အဆိုပါ ပြိုင်ပွဲအမျိုးအစားတွေအတွက် အုပ်ချုပ်သူနည်းပြ(၁၇)ဦး၊ ကစားသမား (၃၅)ဦး၊ စုစုပေါင်း (၅၃) ဦးဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပြေးခုန်ပစ်အားကစား နည်းမှ အနည်းဆုံးရွှေတံဆိပ်(၁)ခုရရှိမယ်လို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။ (၂၀၀၉)ခုနှစ်တဲက စတင်ကျင်းပလာခဲ့တဲ့ ယခုပြိုင်ပွဲကို မြန်မာနိုင်ငံက (၂၀၁၇)ခုနှစ်မှာ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မနှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု ရရှိခဲ့ပါတယ်။

 

 

Related News